Myanmar Harp

Myanmar Harp Thank you for your kind support.

We are providing not just mere Harp sales,service and Harp training classes, but we share general knowledge about Myanmar Harp and its background stories here in this Page.

 #အလင်္ကာကျော်စွာစောင်းဦးဘသန်းအတ္ထုပ္ပတ္တိ(အပိုင်း ၅ အဆက်)(ဂ)  #ပန်တျာမူမှန်ဖြစ်ရေးကျွန်တော်၏တာဝန်များမှာ သီချင်းကြီးသီခ...
08/09/2026

#အလင်္ကာကျော်စွာစောင်းဦးဘသန်းအတ္ထုပ္ပတ္တိ
(အပိုင်း ၅ အဆက်)

(ဂ) #ပန်တျာမူမှန်ဖြစ်ရေး
ကျွန်တော်၏တာဝန်များမှာ သီချင်းကြီးသီချင်းခံစာသားတီးကွက်တို့ကို တသမတ်တည်းဖြစ်ရန် ရှာဖွေပြုစုအသံသွင်းရသည်။ တိတ်ခွေထဲအသံသွင်းပြီး အထက်အောက်မြန်မာပြည်ရှိ ဂီတပညာရှင်ကြီးများနှင့် ညှိနှိုင်းရလေသည်။
အတည်ပြုပြီးသောသီချင်းများကို သင်္ကေတဖြင့်
ရေးကာ နိုင်ငံတော်မူအဖြစ်ဆောင်ရွက်ရပါသည်။
၎င်းပြင် ယဉ်ကျေးမှုပြဇာတ်၊ ယဉ်ကျေးမှုကပွဲဌာနကိုလည်း တွဲဖက်ဆောင်ရွက်ရပါသည်။
ပန်တျာကျောင်းများကိုမူ သုံးလတစ်ကြိမ်သွားရောက် စစ်ဆေးရပါသည်။
ရှင်းရှင်းဝန်ခံရပါက ပန်းချီပညာကိုယနေ့တိုင်
နားမလည်ပါ။ ပန်တျာကျောင်းနည်းပြဆရာများ
ခန့်ပြီးကာစအချိန်တွင် ကျောင်းစစ်ဆေးရန် ကျွန်တော်မန္တလေးသို့ ရောက်ရှိစဉ် ကျွန်တော်တည်းခိုနေသော ဧည့်ရိပ်သာသို့ ဒေါ်လှလေးစိန်တို့ သားအဖနှစ်ယောက် ရောက်လာကြသည်။
အဆိုနည်းပြနေရာတစ်နေရာအတွက် ဒေါ်လှလေးစိန်ကို ခေါ်ယူစစ်ဆေးခြင်းမပြုဘဲ ဦးထူးကိုခန့်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ ကျွန်တော့်ထံသို့ ရောက်လာကြခြင်းဖြစ်၏။ ပန်တျာကျောင်းသို့ သွားပြန်တော့လည်း
ပန်တျာကျောင်းအုပ်ဦးစိန်ညွန့်က သူ့ပြဿနာကိုတင်ပြ၏။ ကျောင်းအုပ်ချင်းအတူတူ မန္တလေးကျောင်းအုပ်က လစာရင်း ၂ဝဝ ကျပ်၊ အုပ်ချုပ်ခက ၁၀၀ကျပ်သာရပေသည်။
ရန်ကုန်ပန်တျာကျောင်းအုပ် ဦးခင်မောင်၏လစာမှာ ၃၅၀ကျပ်နှင့်+ရှားပါးစရိတ် နှစ်ခုပေါင်းဖြစ်သည်။
ထိုကိစ္စမှာ ဥပဒေနှင့်မညီသည့်အတွက် ကျွန်တော်
ရန်ကုန်ပြန်ရောက်၍ အစီရင်ခံစာရေးသည့်အခါ အစီရင်ခံစာ၌ _
မန္တလေးမြို့ပန်တျာကျောင်းကိုစစ်ဆေးခဲ့ရာ အဆိုသင်တန်းတွင် အမျိုးသမီး၊အမျိုးသားများ ပေါင်းစပ်နေပါသည်။ နည်းပြဆရာမှာ အမျိုးသားဖြစ်နေ၍ အမျိုးသားတို့ဆိုပုံဆိုနည်း၊အမျိုးသားများ၏အာ၊ လေယူလေသိမ်း ဖြစ်နေပါသည်။ သို့အတွက် အမျိုးသမီးဆရာတစ်ဦးလိုအပ်နေပါသည်။
လစာ ၂ဝဝကျပ်+ရှားပါးစရိတ်ဖြင့် ခန့်အပ်ပေးပါရန် ...ဟု ဒေါ်လှလေးစိန်အတွက် ထည့်သွင်းရေးသားလိုက်ပါသည်။
ဦးစိန်ညွှန့်ကိစ္စကိုလည်း ရန်ကုန်ပန်တျာကျောင်းအုပ်နှင့်နှိုင်းယှဉ်ပြပြီး အစီရင်ခံစာရေးသားရာ ကိစ္စနှစ်ခုစလုံး ချောမောစွာအောင်မြင်ခဲ့သည်။
ပန်းချီသင်တန်းကိစ္စကိုကား ရှည်ရှည်မရေးသားပဲ ကျောင်းသားများသည် ခဲတံနှင့် ဘူးသီးပုံရေးဆွဲထားသည်မှာ ဘူးသီးနှင့်တူနေတာတွေ့ခဲ့ရပါသည်ဟု ရေးသားလိုက်သည်။
လက်နှိပ်စက်စာရေးနှင့် စာရေးကြီးများက ပန်းချီကိစ္စကို ရယ်မောကြလေသည်။ ကိစ္စများအားလုံး ပြီးစီးသည့်အခါ ကျွန်တော်သည် မူမှန်သီချင်းများ ရရှိရေးအတွက် အထက်မြန်မာပြည်အနှံ့အပြားသို့ ပေစာ၊ပရပိုက် ရှာပုံတော်ထွက်ရလေတော့သည်။
ရလာသမျှ ပေစာနှင့်ပရပိုက်များကို စာပေအဖွဲ့သို့ တင်ပြဆွေးနွေးရသည်။ သီချင်းများကို ရွေးချယ်ရသည်။ ဒေါ်ဒေလီညွန့်၊ ဒေါ်တင်အုန်း (ကျွန်တော့်နှမ ) တို့ကို သီဆိုစေပြီး ကျွန်တော်က ဝါးပတ္တလားနှင့် တီးကွက်ကိုလည်းကောင်း၊ တီးကွက်မူကွဲများကိုလည်းကောင်း အသံသွင်းထားရပေသည်။
တီးကွက်အတော်များများ အသံသွင်းထားပြီးသည်နှင့် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်မှ အနုပညာရှင်ကြီးများအား ပင့်ဖိတ်၍ စုပေါင်းအစည်းအဝေးပြုလုပ်ပြီး အသံတီးကွက်များ နားထောင်ဆုံးဖြတ်ကြပါသည်။
ထိုအစည်းအဝေးပွဲကြီးသို့ တက်ရောက်ကြသူ အနုပညာရှင်များမှာ ရွှေပြည်ဦးဘတင်၊
ဆရာဘလေး၊ မြန်မာညွှန့်ဦးချစ်မောင်၊ ဦးဟန်ပ၊ ဒေါ်စောမြအေးကြည်၊ ဦးဝန် (မင်းသုဝဏ်)၊
ဦးသိန်းဟန် (ဇော်ဂျီ)၊ ဒေါ်ဒေလီညွန့်၊ ဒေါ်တင်အုန်း၊ ဦးကျော်(မန္တလေး)၊ သန်လျင်မြဦးနှင့် ကျွန်တော်တို့ဖြစ်ကြပါသည်။
သင်ရိုးကို ထံတျာတေရှင်မှစ၍ နံပတ်စဉ်ဆုံးဖြတ်ပေးကြပါသည်။ ထို့နောက် သီချင်းစာသားများအတွက် ရွှေပြည်ဦးဘတင်၊ မင်းသုဝဏ်၊ ဆရာဇော်ဂျီ၊ ဦးကျော်(မန္တလေး) တို့ကိုလည်းကောင်း၊ ကျန်ပုဂ္ဂိုလ်များက တီးကွက်စီစဉ်ရန် တာဝန်အသီးသီးပေးအပ်ကြပါသည်။
ဦးဟန်ပ၊ ဦးချစ်မောင်နှင့် ကျွန်တော်တို့က ဆရာမကြီးဒေါ်စောမြအေးကြည်ကို ထံတျာတေရှင်အတွက်
ဒုံးရှစ်ဝါးကိုက်ဖြစ်ရန် ဆွေးနွေးကြသည်။ ဆရာကြီး
ဒေါ်စောမြအေးကြည်က ကန့်ကွက်လက်မခံသဖြင့် ကျွန်တော်တို့ အရှုံးပေးခဲ့ရသည်။

(ဃ) #သုခုမအခြေခံ
၁၉၅၅ ခုနှစ်က မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးမှ ကြီးမှူး၍ ဆူးလေဘုရားလမ်းရှိ
ပလေဒီယံ ရုပ်ရှင်ရုံ(ယခုပပ၀င်း ရုပ်ရှင်ရုံ)တွင် ပဒေသာကပွဲကြီး ခင်းကျင်းပြသရာ ကျွန်တော်တို့ ပါဝင်ဆင်နွှဲခဲ့ရသေးသည်။
ရုပ်ရှင်ပြဇာတ်အစည်းအရုံးဥက္ကဌကြီး အေဝမ်းဦးတင်နွယ်၊ စန္ဒရားရွှေပြည်အေးနှင့် ကျွန်တော်တို့သုံးဦးက
"သုခုမအခြေခံ" အမည်ဖြင့် ဂီတသံစဉ်ဖြစ်ပေါ်လာပုံအကြောင်းကို တေးသရုပ်ဖော်အသွင် တင်ပြရန် တာဝန်ယူကြပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်တစ်ဦးအဖြစ်ဖြင့် ပထမအကြိမ်လိုက်ပါသွားခဲ့စဉ်က တရုတ်ပြည်၏ပြဇာတ်၊ ဇာတ်ခုံခင်းကျင်းပြသမှုကို လေ့လာမှတ်သားခဲ့သော အတွေ့အကြုံကို အခြေပြု၍
သုခုမအခြေခံအစီအစဉ်ကိုတီထွင်ပြသရန် ကျွန်တော်ကအကြံပေးပါသည်။ ဦးတင်နွယ်က အခမ်းအနားမွမ်းမံပြင်ဆင်မှုကိုတာဝန်ယူပြီး ရွှေပြည်အေးက ဂီတအစီအစဉ်များကို တာဝန်ယူသည်။ ကျွန်တော်ကိုယ်တိုင် ပဉ္စသိင်္ခနတ်သားအသွင်ဝတ်ဆင်လျှက် စောင်းကိုပိုက်ခါ ဗေလုဝနတ်စောင်းအစချီသော သီချင်းကိုဆိုတီးယင်း အခမ်းအနားအစီအစဉ်ကို စတင်ဖွင့်ရပါသည်။
စန္ဒရားရွှေပြည်အေးက မြ၀တီမင်းကြီးဦးစ၏
ဂီတသံစဉ်ရှာဖွေတီထွင်ဟန်ကို သရုပ်ဖော်နေစဉ်
အသံစဉ်များကို နိုင်ငံခြားပတ္တလားဖြင့် ရှာဖွေနေရာမှ အသံများပျောက်သွားခဲ့ရာ ကျွန်တော်က ပဉ္စသိင်္ခအဖြစ်နှင့် သူပျောက်နေသောသံစဉ်များကို စောင်းနှင့်တီးပြီး ပြန်လည်ဖော်ထုတ်ပေးခဲ့ရပါသည်။
ထိုသို့အသံစဉ်များ ပေါ်ထွက်လာပြီးနောက်
ဆိုင်းပစ္စည်းများတီထွင်သည့်သရုပ်ဟန်ပြလိုက်ပြီး ခေတ်ပေါ်တူရိယာများဖြင့် ဆက်လက်တီထွင်၍ သရုပ်ဖော်ပြကွက်များ တင်ဆင်ပါသည်။
"ဒို့စိန်ကုလား "ဆိုင်းအဖွဲ့ ၊ခေတ်ပေါ်တူရိယာအဖွဲ့တို့နှင့်အတူ ကျွန်တော်ကိုယ်တိုင်စောင်းတီး၍
ပရိတ်သတ်အားတင်ဆက်ရာ တစ်ခဲနက်သော
သြဘာလက်ခုပ်သံများဖြင့် အားပေးကြပါသည်။
(အပိုင်း ၅ ပြီး၏)

အားလုံးသောမိတ်ဆွေများပညာသုတပြည့်ဝကြပါစေ..

(အပိုင်း ၆ ဆက်လက်ဖော်ပြပါမည်)

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #မြန်မာ့ရိုးရာ #စည်းနဲ့ဝါး #‌‌စောင်းဦးဘသန်း

 #အလင်္ကာကျော်စွာစောင်းဦးဘသန်းအတ္ထုပ္ပတ္တိ(အပိုင်း ၅ အဆက်) #ကဗျာလွတ်အက၁၉၅၂ ခုနှစ်မှာပင် ရန်ကုန်ပန်တျာကျောင်းနှင့် မန္တလေ...
07/09/2026

#အလင်္ကာကျော်စွာစောင်းဦးဘသန်းအတ္ထုပ္ပတ္တိ
(အပိုင်း ၅ အဆက်)

#ကဗျာလွတ်အက

၁၉၅၂ ခုနှစ်မှာပင် ရန်ကုန်ပန်တျာကျောင်းနှင့် မန္တလေးပန်တျာကျောင်းတို့ကို ဖွင့်လှစ်နိုင်ခဲ့ကြလေသည်။ ကျောင်းသင်္ခန်းစာများ၊ သင်ရိုးညွှန်းတမ်းများအတွက် သီချင်းများရွေးချယ်ပြီး ကျွန်တော်ကိုယ်တိုင် ပတ္တလားတီးအသံသွင်းပြီး မန္တလေးကျောင်း၊ ရန်ကုန်ကျောင်းများသို့ အသံသွင်းကြိုးခွေကို ပို့ပေးလိုက်လေသည်။ ၎င်းတီးကွက်အတိုင်း ကျောင်းသားများကို သင်ကြားပို့ချစေခဲ့၏။
အကသင်ရိုးညွှန်းတမ်းများအတွက် မန္တလေးသို့သွားပြီး အကနည်းပြဆရာမကြီး ဒေါ်ဩဘာသောင်း၊ အမျိုးသားအကနည်းပြဆရာရွှေဒေါင်းညို၊ ကျောင်းအုပ်ဦးစိန်ညွန့်တို့နှင့် တိုင်ပင်ဆွေးနွေးကြရသည်။ သင်ရိုးညွှန်းတမ်းစကြရာ ဒေါ်သြဘာသောင်းသည် ကိုယ်လုံးပေါ်မှန်ကြီး လေးချပ်ရှေ့တွင် ကကြည့်သည်။ ၎င်းအကကို ပုံ ၁ ဟု မှတ်ယူ ဓာတ်ပုံ ရိုက်ရသည်။ ပုံ ၂၊ ပုံ ၃၊ ပုံ ၄ စသည်ဖြင့် ပုံ ၂၅ မျိုး ပြီးမြောက်သွားလေသည်။
ထိုကကွက်အတိုင်း ပထမနှစ်ကျောင်းသူကျောင်းသားများအဖြစ် မငွေစန်း (ခေါ်) နွဲ့နွဲ့စန်း၊ အမာစိန်၊ မခင်စိန်တို့ကို ပုံစံတစ်မျိုးတည်းဖြစ်အောင် ဒေါ် ဩဘာသောင်းကိုယ်တိုင် သင်ပြပေးလေသည်။
ထို့နောက် ရွှေဒေါင်းညိုနှင့် အမျိုးသားအက သင်ရိုးညွှန်းတမ်းတို့ကို ပြုစုကြရပြန်ပါသည်။အမျိုးသမီးကဟန်ကကွက်တို့နှင့် လုံးဝမတူစေဘဲ တစ်မျိုးတစ်ဖုံ လှပအောင်စီစဉ်ရသည်။
ထိုအမျိုးသားအက သင်ရိုးညွှန်းတမ်းကို ၂၅ ကွက်ဖြစ်အောင် ပြုစုစီစဉ်ထားနိုင်ခဲ့၏။
ပထမနှစ်ကျောင်းသားများ ဖြစ်ကြသော
ယခု ပန်တျာမြဝင်း၊ ပန်တျာကျော်ဝင်း၊ ပန်တျာကြည်လင်စသော ကျောင်းသားများကို ရွှေဒေါင်းညိုကိုယ်တိုင် သင်ပြပေးလေသည်။
ထိုကကွက်များ သင်ကြားရာ၌ သီချင်းဆိုခြင်း၊ တူရိယာတီးမှုတ်ခြင်းတို့လုံး မပါစေဘဲ စိတ်မှတ်ဖြင့် ၁၊၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈ အထိ အပြန်အလှန် ရွတ်ဆို၍ကကြရ၏။
ပထမအစတွင် ဗျောက်ဝါးတစ်ချက်တီးရ၏။ ထိုတစ်ချက်မှာ အဆင်သင့်ဖြစ်စေရန် သတိပေးလိုက်ခြင်းဖြစ်၏။ ဒုတိယ ဗျောက်ဝါးတစ်ချက်မှာ တညီတညွတ်တည်း ကရန်ဖြစ်သည်။ အမျိုးသား အမျိုးသမီးအကများ လေ့ကျင့်ပြီးစီးသဖြင့် ဒေါ်သြဘာသောင်း၊ရွှေဒေါင်းညိုနှင့်တကွ ပထမနှစ် ကျောင်းသားကျောင်းသူများကို ကျွန်တော်ကိုယ်တိုင် ရန်ကုန်သို့ ခေါ်လာခဲ့၏။
ရန်ကုန်ပန်တျာကျောင်းနှင့် ကကြိုးကကွက် တစ်ထပ်တည်းဖြစ်စေရန် ဓာတ်ပုံများနှင့်တကွ ဆွေးနွေးကြရပြန်သည်။ အားလုံးသဘောတူ ဆုံးဖြတ်အတည်ပြုကြပြီးနောက် ဝန်ကြီးအဖွဲ့ထံသို့ သွားရောက်ကပြကြရသည်။ အားလုံးသဘောတူကြသော်လည်း ဝန်ကြီးတစ်ဦးက "အတီးအမှုတ်သံ မကြားရတော့ ခြောက်ကပ်နေတယ်" ဟု ပြောဆိုလိုက်လေသည်။
"တီးသံ သီချင်းသံမပေးဘဲ စည်းဝါးကိုသာ ဂရုစိုက်ကဖို့ စီစဉ်ထားတာပါ။ ကဗျာလွတ်အကလို့ အမည်ပေးထားပါတယ်"
"ဗုံသံလေးဖြစ်ဖြစ်တော့ ထည့်ပေးစေချင်တယ်"
သူပြောသည့်အတိုင်း ယခုတိုင်ကြားနေကြသော
ဗုံနှစ်လုံးနှင့် "တတ်ဗေဒိုးဗေ.. တတ်ဗေဒိုးဗေ ဗြေ ဗြေ.... တတ်ဗြေ တတ်ဗြေတတ်" ဟူသောတီးကွက်ကို ကကွက်နှင့်လိုက်လျောကိုက်ညီအောင် တီထွင်ဖန်တီးပေးလိုက်ရပေသည်။
ပထမကျွန်တော်စီစဉ်ထားသော ကဗျာလွတ်မှာ ကဗျာမလွတ်ဖြစ်သွားလေသည်။ သို့နှင့် ကဗျာမလွတ်မှဖြင့် မထူးတော့ပြီဟုယူဆကာ အမျိုးသားကဗျာမလွတ်
ကကွက်အတွက် ရွှေဒေါင်းညို ရေးစပ်သော "ခြေလက်ကိုယ်သာ ဘယ်ညာပြောင်းလို့ ခေါင်းနဲ့ကိုယ်လည်းပါ " ဟူသော သီချင်းဖြင့် ကဗျာမလွတ် ကကြရ၏။
အမျိုးသမီးများအတွက် ကဗျာသွင်းအမည်ပေး၍
ကျွန်းကျွန်းပိုင်သကြိုးသီချင်းကို ကကွက်နှင့်လိုက်အောင် စခွန့်ချက်များပြောင်းလွှဲတီးပေးရန်ကိုလည်း တီထွင်ဖန်တီးလိုက်ရပြန်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #မြန်မာ့ရိုးရာ #စည်းနဲ့ဝါး #‌‌စောင်းဦးဘသန်း

 #အပိုင်း_၅_ကြုံရဆုံရလခစားဘဝ(က)  #လက်ထောက်ကထိကအလုပ်လျှောက်ခြင်း ကျွန်တော်သည်တရုတ်ပြည်မှ ပြန်ရောက်ပြီးနောက် နိုင်ငံတော်ဆရ...
06/09/2026

#အပိုင်း_၅_ကြုံရဆုံရလခစားဘဝ

(က) #လက်ထောက်ကထိကအလုပ်လျှောက်ခြင်း
ကျွန်တော်သည်တရုတ်ပြည်မှ ပြန်ရောက်ပြီးနောက် နိုင်ငံတော်ဆရာအတတ်သင်သိပ္ပံကျောင်းတွင် လက်ထောက်ကထိကအဖြစ် အမှုထမ်းဆောင်နေချိန်ဖြစ်ပါသည်။
နေ့စဉ်ထုတ်သတင်းစာတစ်စောင်တွင် "သီချင်းကြီးသီချင်းခံများ ကိုယ်တိုင် သီဆိုတီးမှုတ်တတ်ရမည့်အပြင် ကမ္ဘာသုံးသင်္ကေတရေးတတ်သည့် ဂီတပညာရှင်တစ်ဦးအလိုရှိကြောင်း လစာမှာ ၃၅၀ကျပ် ရှားပါးစရိတ်နှင့် ဖြစ်ကြောင်း"ဖတ်ရသဖြင့်လျှောက်လွှာရေး၍ထွက်လာခဲ့လေသည်။
လမ်းတွင် စိတ်ကူးပေါက်သောကြောင့် ပန်တျာကျောင်းရှိ ဂီတာစိမ်းမောင် (ကြိုးတပ်တူရိယာ နည်းပြဆရာ) ထံဝင်လိုက်မိသည်တွင် သူကတွေ့တွေ့ချင်းမေး၏ ။ ကျွန်တော်က အလုပ်လျှောက်မည့်အကြောင်း ပြောပြရာ သူကရနိုင်မည်မထင်ကြောင်းနှင့်ဖျက်သည်။
ကျွန်တော်စိတ်ပျက်သွားသည်။သို့သော်မကျေနပ်သလိုလိုရှိသည်နှင့် ရာထူးဝန်ရုံးသို့ ထွက်လာမိ၏။ "လာဆရာ၊ ဆရာလျှောက်လွှာ လာတင်တာလား"
ရာထူးဝန်ရုံးမှ ဦးဘွန်သီက ဆီးကြိုမေးလေသည်။
" လျှောက်လွှာမတင်သေးပါဘူး၊ လာစုံစမ်းတာပါ"
"ဆရာဘာအကြောင်း စုံစမ်းချင်လို့ပါလဲ"
"လျှောက်ထားတဲ့ လူတွေကို ဘယ်ပုံဘယ်နည်း စစ်ဆေးမယ်ဆိုတာ သိချင်ပါတယ်"
"ဟုတ်တယ်ဆရာ၊ ကျွန်တော်တို့ ရာထူးဝန်အဖွဲ့အနေနဲ့ ဒီလိုဟာမျိုး တခါမှမစစ်ဆေးဖူးလို့ ဘယ်လိုလုပ်ရမှန်း ဖြစ်နေပါတယ်"
ကျွန်တော်က ခေတ္တ စဉ်းစားလိုက်ပြီး
ပြောသင့်မပြောသင့် ချိန်ဆနေချိန်တွင် _
"ဆရာ့ဆန္ဒ အကြံပြုနိုင်မလားဆရာ"
"အကြံပြုရမယ်ဆိုရင် လျှောက်ထားတဲ့သူများကို နှုတ်မေးခွန်းနဲ့ လက်တွေ့ချက်ချင်းဖြေဆိုခိုင်းတာ အကောင်းဆုံးပါပဲ"
"ဝမ်းသာပါတယ်ဆရာ၊ခုပဲ ရာထူးဝန်အဖွဲ့ကို တင်ပြလိုက်ပါ့မယ်။ နက်ဖြန်တော့ ဆရာတစ်ခေါက်လာခဲ့ပါဦး"
ကျွန်တော်လျှောက်လွှာမတင်သေးပဲ ပြန်ခဲ့၏။
နောက်တစ်နေ့ ဦးဘွန်သီနှင့် ကျွန်တော်သွားတွေ့၏။
"ဆရာအကြံပြုထားတဲ့အတိုင်း ဝန်ကြီးကလက်ခံပါတယ်"
ကျွန်တော်ဝမ်းသာသွား၏။
"ဒီလိုဆိုလျှောက်လွှာတင်ခဲ့ပါ့မယ် "
ဦးဘွန်သီက လျှောက်လွှာကို လက်ခံထားလိုက်၏။ မကြာပါ၊ ရာထူးဝန်ရုံးမှ အစစ်ဆေးခံလာရောက်ရန် စာရလေတော့သည်။ ကျွန်တော်နှင့် ဂီတနယ်မှ အခြားနှစ်ဦးတို့ ဖြစ်သည်။ ကျွန်တော်တို့ သုံးဦးကို နှုတ်ဖြင့်စစ်ဆေးပြီးနောက် ဂျူဗလီဟော ပန်တျာကျောင်းသို့ ခေါ်သွားကြလေသည်။ ပန်တျာကျောင်းတွင် မန္တလေးမှ ဆိုင်းပစ္စည်းများလာပို့သော ဆရာဘကြီး၏သား မောင်တူနှင့်တွေ့ဆုံမိကြသည်။
ဝန်ကြီးအဖွဲ့နှင့်အတူ သင်္ကေတ (နုတ်စ်) ပညာကို ထူးချွန်စွာ တတ်သော အင်္ဂလိပ်သံရုံးမှ အရာရှိတစ်ယောက်၊ ဦးသိုက်၊ ဦးခင်ဇော်၊ ဦးဘိုးလတ်တို့ ရှိနေကြသည်။
"အခုချိန်ကစပြီး မောင်တူက စန္ဒရားနဲ့တီးပြတဲ့ သီချင်းကို သင်္ကေတနဲ့လိုက်ရေးကြရပါမယ်။ သင်္ကေတရေးဖို့ စာရွက်နဲ့ခဲတံပေးပါ့မယ်"
ဦးသိုက်ကပြောပြီး စာရွက်နဲ့ခဲတံတစ်ချောင်းစီ လိုက်ပေး၏။ ကျွန်တော်က ခဲတံကိုမကိုင်ဘဲ ဖောင်တိန်ကို အင်္ကျီအိတ်ထဲမှဖြုတ်၍ တီးသံကို နားစိုက်ထောင် လိုက်သည်။ မောင်တူသည် ထူးမခြားနားသီးခြင်း၏ အလယ်ပိုဒ်ဖြစ်သော သုံးပါးလောကအပိုဒ် တပိုဒ်လုံးကို ဆုံးအောင်တီးပြ၏။
မောင်တူတီးပြသွားသော တီးကွက်များကို တစ်သဝေမတိမ်း သင်္ကေတဖြင့် လိုက်ရေးလိုက်ပြီး သံရုံးမှအရာရှိလက်သို့ ကျွန်တော်၏ သင်္ကေတစာရွက်ကို ပေးအပ်လိုက်လေသည်။
ထိုအရာရှိက စန္ဒရားဖြင့် ပြန်တီးပြ၏။ ဝန်ကြီးနှင့် အကဲဖြတ် ပုဂ္ဂိုလ်များကချီးကျူးကြပါသည်။ အခြားတစ်ဦးမှာ သင်္ကေတကိုရေးနေဆဲပင် ဖြစ်၏။
ကျွန်တော် ထိုသီချင်းအပိုဒ်ကို နောက်ထပ်တစ်ဖန် ပြန်ရေးသားလိုက်ပြန်သည်။ ပထမရေးဟန်မျိုးနှင့်မတူပါ။ ပထမရေးခြင်းမှာ တီးကွက်အလုံးများ သံစဉ်များသာ ထွက်ပေါ်နိုင်သည်။ နောက်ထပ်ရေးသော သင်္ကေတမှာ လက်သံမာမာတီးခြင်း၊ ပျော့ပျော့တီးခြင်း၊ ဆောင့်တီးခြင်း၊ မှင်မောင်းဟန်တို့ပါရှိခြင်းဖြစ်၍ ပိုမို နားထောင်ကောင်းနိုင်ပါသည်။
ယင်းစာရွက်ကိုကျွန်တော်က သံရုံးမှ အရာရှိအား ပေးလိုက်၏။
"ဒါဘာလဲ"
ဝန်ကြီးဦးလွန်းဘော် မေးသည်။
"ဒါခုနကသီချင်းပါပဲ၊ ဒါပေမယ့်ဒီသီချင်းက ပိုပြီး နားထောင်ကောင်းပါတယ်။ အဆင့်အတန်းလဲမြင့်ပါတယ်"
သံရုံးအရာရှိက စန္ဒရားနှင့်တီးပြ၏။ ပထမတီးသော အသံနှင့်မတူ။ ပို၍နားထောင်ကောင်းကြ၍ ချီးမွမ်းကြ၏။
"တူရိယာကို တီးမကြည့်ဘဲ အလွတ်ရေးနိုင်တာ ချီးကျူးစရာပါပဲ" ဟု သံရုံးအရာရှိက ဆိုလေသည်။

(ခ) #ယဉ်ကျေးမှုအထက်တန်းအရာရှိ
ထို့နောက်တွင် ယဉ်ကျေးမှုဌာန၌ သင်္ကေတ (နုတ်စ်) ရေးရန်နှင့် ဂီတဘက်ဆိုင်ရာ စုဆောင်းထိန်းသိမ်းရေး တီးလုံးတီးကွက်များကို ပန်တျာမှုမှန် ပြုလုပ်ရေး အထက်တန်းအရာရှိအဖြစ်လည်းကောင်း၊ ယဉ်ကျေးမှုကပွဲများကိုလည်းကောင်း ဆောင်ရွက်ရန် ခန့်စာ ရရှိပါသည်။
သန်လျင်မြဦးကိုလည်း ယဉ်ကျေးမှုဌာနစာပေသုတေသနအထက်တန်းအရာရှိအဖြစ် ခန့်ထားပါသည်။ ယဉ်ကျေးမှုဝန်ကြီးဌာန ဖွင့်သောနှစ်မှာ ၁၉၅၂ ခုနှစ်ဖြစ်သည်။ ဝန်ကြီးအဖြစ်ဦးထွန်းဖေ၊ အတွင်းဝန်ဦးဘိုးလတ်၊ ကျွန်တော်၊ သံလျင်မြဦး၊ ဦးမောင်ကို (ရုံးစာရေး)၊ ဦးလှရီ (ရုံးစာရေး)၊ မရင်မေ (လက်နှိပ်စက်) တို့ဖြစ်ကြပါသည်။
ရုံးခန်းမရှိသေးသောကြောင့် အတွင်းဝန်များရုံးဟောင်းမှလှေကားအောက်တွင် ကျွန်တော်တို့ ရုံးထိုင်ခဲ့ကြရပါသည်။
နောက်များမကြာမီ ကျွန်တော်တို့အတွက်ရုံးခန်း သီးသန့်ရရှိလာ၍ ကိုယ့်အခန်းနှင့်ကိုယ် နေရာတကျ ရုံးထိုင်ကြရစဉ် ယဉ်ကျေးမှုလုပ်ငန်းများနှင့်အတူ ပန်တျာကျောင်းများဖွင့်လှစ်ရန် ရှေ့လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ ရေးဆွဲကြရပါသည်။

(ဆက်လက်ဖော်ပြပါမည်)

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #မြန်မာ့ရိုးရာ #‌‌စောင်းဦးဘသန်း

04/09/2026

#မန်းတောင်လက်ျာ

ဒီတစ်ခါတော့ မန်းတောင်လက်ျာသီချင်းကို ကြိုးစားပြီးတီးထားပါတယ်။
#ဆရာကြီးဦးတင့်စိန်ရဲ့ပညာအမွေပါ။
အခုတော့ ဆရာကြီးလည်းမရှိရှာတော့ပါ။
တီးကွက်ကရိုးရိုးလေးဆိုပေမယ့် အရိုးကွက်ခက်ပြီဆိုရင် အဆန်းထက်ခက်တယ် ဆိုတာလိုပါပဲ။ မိမိရဲ့ဝါသမ္ဘာအားနည်းမှုကြောင့် လိုအပ်ချက်များရှိနိုင်ပါတယ်။
ရှိမှာပါပဲ။ ဘာပဲဖြစ်ဖြစ် မိမိရဲ့ဆရာများနှင့်သင်ဆရာ၊ပြင်ဆရာ၊မြင်ဆရာ၊ကြားဆရာတို့ရဲ့ကျေးဇူးကိုဦးထပ်ပန်ဆင်ပြီး ရိုသေစွာတီးထားပါတယ်။
video မှာ resolution လည်း မကြည်မလင်ဖြစ်သွားပါတယ်။
တီးလုံးကိုသာ enjoy လုပ်ပေးပါရန် ...

အားလုံးသောမိတ်ဆွေများ မင်္ဂလာရှိသောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေ။

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #မြန်မာ့ရိုးရာ #စည်းနဲ့ဝါး

 #အလင်္ကာကျော်စွာစောင်းဦးဘသန်းအတ္ထုပ္ပတ္တိ(အပိုင်း-၄ စုစည်းမှု)ပိုစ့်နံပတ်-၁https://www.facebook.com/share/p/1FyC3DgZpA/...
03/09/2026

#အလင်္ကာကျော်စွာစောင်းဦးဘသန်းအတ္ထုပ္ပတ္တိ

(အပိုင်း-၄ စုစည်းမှု)

ပိုစ့်နံပတ်-၁
https://www.facebook.com/share/p/1FyC3DgZpA/

နံပတ်-၂
https://www.facebook.com/share/p/198tVSkAgG/


https://www.facebook.com/share/p/1DmuaT7BpK/


https://www.facebook.com/share/p/1MeRyh23cA/


https://www.facebook.com/share/p/1HiwNt9msS/


https://www.facebook.com/share/p/19TeMJ6xBX/


https://www.facebook.com/share/p/18xzS7xn1J/


https://www.facebook.com/share/p/18HJpSh9WL/


https://www.facebook.com/share/p/1GctU65Mn8/

၁၀
https://www.facebook.com/share/p/1ETUodd48C/

အားလုံးမိတ်ဆွေများ ပညာသုတတိုးပွားနိုင်ကြပါစေ

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #မြန်မာ့ရိုးရာ #စည်းနဲ့ဝါး #‌‌စောင်းဦးဘသန်း

03/09/2026

#ဝေဇယန္တာယိုးဒယား

ဆရာကြီးအိမ်မဲဦးမြင့်စိုးရဲ့ပညာအမွေပါ။
လိုအပ်ချက်ရှိခဲ့ရင် မိမိတာဝန်ပါ။ ရှိမှာပါပဲ။
မဟာဂီတသီချင်းတွေဟာ အလွန်အနှစ်အသားပြည့်ဝလို့
အာဟာရဓါတ်‌များ ကြွယ်ဝစွာပါဝင်ပါတယ်။
နာမ်အာဟာရအားကောင်းရင် ရုပ်အာဟာရလည်းအားကောင်းလာစမြဲမို့ ရွှင်ပြချမ်းသာလာစမြဲပါ။

အားလုံးပဲ ဘေးရန်မြူမျှမတွေ့ရဘဲ ဝမ်းသာရွှင်ပြရှိကြပါစေ။

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #မြန်မာ့ရိုးရာ #စည်းနဲ့ဝါး

 #အလင်္ကာကျော်စွာစောင်းဦးဘသန်းအတ္ထုပ္ပတ္တိ(အပိုင်း-၄ အဆက်) #ဂျာမနီသို့ဂျာမနီသို့ ကျွန်တော်တို့အားလုံး မီးရထားနှင့် သွားရ...
02/09/2026

#အလင်္ကာကျော်စွာစောင်းဦးဘသန်းအတ္ထုပ္ပတ္တိ
(အပိုင်း-၄ အဆက်)

#ဂျာမနီသို့
ဂျာမနီသို့ ကျွန်တော်တို့အားလုံး မီးရထားနှင့် သွားရသည်။ ရထားပေါ်တွင်တစ်နေ့နှင့်တစ်ညကြာခဲ့၏။နယ်ခြားဘူတာအရောက် ရထားလမ်းချင်း
မတူသည့်အတွက် တွဲများကို ပြောင်းရွှေ့ခြင်းမပြုစေဘဲ ရထားဘီးများကိုသာ ပြောင်းရွှေ့ပေးသည်။ရထားဘီးကိုပြောင်းရွှေ့ပေးသည်ဆိုခြင်းမှာ တခြားမဟုတ်။ လူစီးတွဲကို လေမှုတ်ကိရိယာဖြင့် အပေါ်သို့မတင်ပြီး ဘီးကိုသာပြောင်းလဲပေးခြင်း ဖြစ်၏။
ထိုရထားမှာ လန်ဒန်သို့ ကူးသန်းသွားလာနေကျဟု သိရပါသည်။ တွဲမှာ အတော်ကျယ်ဝန်းသည်။ လေးရက်မြောက်နေ့တွင် ဘာလင်မြို့သို့ ဆိုက်ရောက်သွားကြပါသည်။
ဘာလင်မြို့သို့ ကျွန်တော်တို့ ရောက်သွားကြသည့်အချိန်တွင် အရှေ့အနောက်ခွဲ၍ သံဆူးကြိုးများ တားဆီးထားပေပြီ။
မြို့ကြီးမှာ စိတ်ပျက်စရာ ခြောက်သွေ့နေပေသည်။နေ့ရှိသမျှ လူစုမိတိုင်း သူတို့၏အကြောင်းကိုသာ ပြောဟောသဖြင့် နားထောင်နေခဲ့ရပါသည်။
ကျွန်တော်တို့အဖွဲ့စားပြီးအိပ်၊ အိပ်ပြီးစားနှင့်အချိန်ကုန်နေကြသည်။ သို့နှင့်သံဆူးကြိုးများ ကာရံထားသည့်နေရာသို သွားကြည့်ကြသည်။
အရှေ့နှင့်အနောက် ကာရံထားသည့် သံဆူးကြိုးကို ကျော်လွှားပြီး ကူးသန်းနေကြသည်။
သံဆူးကြိုးနှင့် ဆံပင် ငြိသူငြိ၊ ဂါဝန်နှင့်ငြိသူငြိ၊
ငိုသူငို စိတ်မချမ်းသာစရာ မြင်ကွင်းဖြစ်၏။

#ရက်ပေါင်းသုံးဆယ်ယူရှိစလပ်ဝယ်
ဘာလင်မှ ယူဂိုစလပ်နိုင်ငံသို့ ခရီးဆက်ကြပြန်သည်။ ၎င်းမြို့ပေါ်တွင် တည်းခိုအခြေစိုက်ကြပြီး မိုင် ၅၀ ခန့်ဝေးသော မြို့ကလေးများသို့သွားရောက်ကပြပြီး ညတွင်းချင်း သွားချီပြန်ချီ
တစ်လခန့် နေခဲ့ရသည်။
ချက်ကိုစလိုဗက်ကီးယား ပြည်တွင်လည်း ထိုပြည်၏မြို့တော်ကို အခြေပြုတည်းခို၍ အနီးအနားပတ်ဝန်းကျင်မြို့ရွာများသို့ သွားရောက်ကပြပြီး ညတွင်းချင်းပင် တည်းခိုကြသောဟိုတယ်သို့ ပြန်အိပ်ကြရပါသည်။
ကပွဲကို ည ၆ နာရီတွင်စ၍ ၈ နာရီတွင် ပွဲသိမ်းရသည်။
တနေ့တွင် တောင်ပေါ်ဒေသသို့ လိုက်ပို့ကြသည်။
ထိုဒေသရှိအမျိုးသား၊ အမျိုးသမီးများမှာ သိုးရေ၊ ဆိတ်ရေတို့ကို အင်္ကျီဘောင်းဘီများ ချုပ်ဝတ်ကြကြောင်း တွေ့ခဲ့ရပါသည်။
တောတောင်တို့ဝိုင်းရံလျှက် အလွန်အေးသော ရွာကြီးဖြစ်၍ ကားပေါ်မှ မဆင်းချင်အောင် ရှိ၏။
ချက်တွင် တစ်လခန့်ကြာ နေထိုင်ခဲ့ကြသည်။

#ရက်နှစ်ဆယ်ကြာပိုလန်မှာ
ပိုလန်ပြည်သို့ ကျွန်တော်တို့ရောက်ကြရပြန်ပါသည်။
ပိုလန်ပြည်ရောက်ပြန်တော့လည်း ချက်မှာကဲ့သို့
မြို့ကြီးတစ်မြို့တွင်တည်းခို၍ အနီးအနားရှိ မြို့နယ် ကျေးရွာကလေးများသို့ သွားရောက်ကပြရပါသည်။
ပိုလန်တူရိယာပညာရှင်များ၏ တီးပုံ၊ဆိုပုံ၊ကပုံတို့မှာ
ချက်တို့နှင့် ခပ်ဆင်ဆင်ဖြစ်၏။
ကွာခြားခြင်းသိပ်မရှိလှပါ။
တစ်ခုထူးပုံမှာ အမျိုးသား အမျိုးသမီးတို့ လွတ်လပ်စွာ နေထိုင်ကြသည်ကို ဂရုပြုမိပါသည်။
ပိုလန်တွင် ကျွန်တော်တို့ ရက်၂၀ ခန့် နေထိုင်လှည့်လည်ကပြခဲ့ကြပါသည်။
ထို့နောက် ဗီယင်နာသို့ ခရီးဆက်ကာ ၁၅ရက်ခန့် လှည့်လည်ကပြရပြန်ပါသည်။

#ဘာလင်တွင်
ပိုလန်မှအပြန်တွင် ဘာလင်မြို့၌ ကျွန်တော်တို့အဖွဲ့ကပြခွင့်ရခဲ့သည်။
ဘာလင်မြို့အနုပညာရှင်များက အဆိုအတီးအကများဖြင့် စတင်ဧည့်ခံပါသည်။ အကမှာ ကြမ်းလှ၏။ တယောချန်ပီယံက တယောထိုးပြလေသည်။
လူတစ်ကိုယ်လုံး လှုပ်ရှားနေပေသည်။ စိတ်ဝင်စားစရာကောင်းလှသည်။
တယောကို ဘိုးတံနှင့်ထိုးနေရာမှ မြင်းမြှီးမပါသော သစ်သားဘိုးတံနှင့်ထိုးသည်။ နောက် မြင်းမြှီးပါသော ဘိုးတံကို ဒူးနှစ်လုံးတွင် ညှပ်ပြီး တယောကိုသာ လှုပ်ရှားပေးရာ သီချင်းသံပီသစွာထွက်၏။
များသောအားဖြင့် လေမှုတ်ပစ္စည်းတူရိယာများကို အသုံးပြုကြရုံမက ကသူများ၏ဖိနပ်တွင် သံခွာများတပ်ဆင်ထားသည်က တစ်မူထူးခြားလျှက်ရှိ၏။
နောက်တစ်ညကျွန်တော်တို့ ကပြရာတွင် ရုံပြည့်လျှံအောင် လာရောက်အားပေးကြလေသည်။

နောက်တစ်နေ့ ညနေတွင် ဘာလင်အနုပညာရှင်များက ကျွန်တော့်ကိုခေါ်သွားပြီး မိတ်ဆက် အကော်ဒီယံ တစ်လုံး လက်ဆောင်ပေးကြပါသည်။
"ကျေးဇူးတင်ပါတယ်။ ညကျယင် အကော်ဒီယံဆွဲပြပါ့မယ်"
စကားပြန်မှတဆင့် ပြောထားလိုက်သည်။ သူတို့က လှိုက်လှဲစွာ လက်ခုပ်တီးကြသည်။
ထိုညတွင် ဂျာမနီသီချင်းတပုဒ်ကို အကော်ဒီယံ နှင့် တီးပြလိုက်သည်။ လက်ခုပ်သံများမစဲတော့ပါ။ လက်ခုပ်သံများမှာ တညီတညွတ်တည်း အဆက်မပြတ် တီးနေကြသဖြင့် အခမ်းအနားမှူးလုပ်သူ အမျိုးသမီးက _
"နောက်တစ်ပုဒ် ထပ်တီးပြဖို့ တောင်းဆိုနေကြပါတယ်။ ထပ်တီးပါဦး" ဟု ပြောသည်။ ကျွန်တော်က မြန်မာသီချင်းတစ်ပုဒ်ကို တီးပြလိုက်ရပါသည်။
လက်ခုပ်သံများ မစဲပါ။ အခမ်းအနားမှူးက ကျွန်တော့်ကို အကော်ဒီယံလွယ်ခိုင်း၍ ကားလိပ်ရှေ့သို့ လက်ဆွဲခေါ်သွားပါသည်။
သူက ပရိတ်သတ်ကို အတန်ကြာရှင်းပြနေ၏။ ပရိတ်သတ်ကလည်း ရှင်းပြအပြီး လက်ခုပ်တီး၊ ကျွန်တော်ကလည်း ခေါင်းညိတ်ပြီး အသိအမှတ်ပြုလိုက်ရလေသည်။
ထိုကဲ့သို့ ပွဲကတိုင်း အမျိုးသမီး အခမ်းအနားမှူးက ပရိတ်သတ်ကိုပြော၊ ကျွန်တော်ကလည်းခေါင်းညိတ်နှင့် စခန်းသွားခဲ့သည်မှာ မြို့တိုင်းရွာတိုင်းတွင် ဖြစ်သည်။ အမျိုးသမီး ဘာတွေ ပြောဆိုသည်ကိုတော့ ကျွန်တော် မမေးမိခဲ့ပါ။
မြို့တစ်မြို့သို့အရောက်တွင် ကျွန်တော်က အကော်ဒီယံ ဆွဲပြအပြီး အမျိုးသမီးက ထုံးစံအတိုင်းပရိတ်သတ်ကို ရှင်းပြပြန်သည်။ ထိုအခါ မြန်မာပြည်မှကျောင်းသားတစ်ဦးက ဆီး၍မေးသည်။
"ဆရာဒီလိုအကော်ဒီယံမျိုး ကျွန်တော်တို့ မြန်မာပြည်မှာ ရှိတယ်မဟုတ်လား"
"ရှိတာပေါ့။ တိုင်းပြည်အသီးသီးက အကော်ဒီယံတွေ ပြည့်လို့။ ဘာဖြစ်လို့လဲ"
"ဒီလိုဆိုအခမ်းအနားမှူး ပြောတဲ့စကားမှားနေပြီ ဆရာရဲ့ "
"မြတ်စွာဘုရား ၊ သူက ဘာတွေပြောလို့လဲ"
"တခြားဟုတ်ရိုးလား။ ဒီအကော်ဒီယံကို ဘာလင်အနုပညာရှင်များက ဦးဘသန်းကို လက်ဆောင်ပေးလိုက်တာပါတဲ့။ ပေးတဲ့ညမှာပဲ ဦးဘသန်းက တီးပြပါတယ်တဲ့။ ဦးဘသန်းမြန်မာပြည်ပြန်ရောက်မှ မြန်မာပြည်သူပြည်သားတွေ မြင်ဖူးတွေ့ဖူးကြမှာ ဖြစ်ပါတယ်ဆိုတဲ့သဘောနဲ့ပြောနေတာဆရာ "
"ဟေ..ဒီလိုဆိုမဖြစ်ဘူး "
အခမ်းအနားမှူးကို လိုက်ရှာ၍ မြန်မာနိုင်ငံတွင် အကော်ဒီယံအမျိုးမျိုးရှိသဖြင့် တီးတတ်သူများလည်းရှိကြောင်း၊ ကျွန်တော့်အနေဖြင့် လွန်ခဲ့သော အနှစ်၂၀ကျော်လောက်ကပင် အကော်ဒီယံ တီးနည်းကို တတ်မြောက်ခဲ့ကြောင်းဖြင့် ရှင်းပြလိုက်ရသည်။
ထိုအချိန်မှစ၍ သူတို့လည်း သဘောပေါက်သွားပုံရပါသည်။ ကျွန်တော့်ကို ကားလိပ်ရှေ့သို့ဆွဲခေါ်သွားခြင်းမပြုတော့ပါ။ ဘာလင်မြို့တွင် တစ်လနီးပါးခန့်နေကြရပြီး ဆိုဗီယက်သို့ ပြန်ခဲ့ကြလေသည်။

#အပြန်ခရီးဒေလီတွင်
ဆိုဗီယက်တွင် ငါးရက်နေထိုင်ခဲ့ကာ နယူးဒေလီသို့ ပြန်ခဲ့ကြပါသည်။ နယူးဒေလီ မဒီးနားဟိုတယ်ကြီးတွင် တည်းခိုကြပါသည်။
ညစာကို ၇ နာရီကျမှ စားသောက်ရမည်ဖြစ်၍ ကိုဘခိုင်ကိုခေါ်ပြီး ညဈေးတန်းသို့ ထွက်ခဲ့ကြလေသည်။
ညဈေးတန်းတွင် ပစ္စည်းပစ္စည်းအနည်းငယ် ဝယ်ခြမ်း၍ ဟိုတယ်သို့အပြန် မျက်စိလည်နေကြတော့သည်။
ဟိုတယ်ကတ်လည်းမယူထားမိ။ တစ်နာရီခန့် လမ်းလျှောက်ပြီးရှာသော်လည်း ဟိုတယ်ကြီးကို
မတွေ့။ အကြံခက်နေစဉ် ကိုဘခိုင်က အားရဝမ်းသာနှင့် "သိပြီ၊ သတိရပြီ၊ ကျွန်တော်တို့တည်းတဲ့ ဟိုတယ်က မဒီးနား၊ မဒီးနားဟိုတယ်ကြီး"
ကျွန်တော်လည်းအားရမ်းသာနှင့် အနီးရှိတက္ကစီပေါ်သို့ ပြေးတက် ပစ်ထိုင်လိုက်ကာ _
"မဒီးနားဟိုတယ် ဂျောင်း"
ခပ်ရွှင်ရွှင် ပြောဆိုမောင်းခိုင်းလိုက်လေသည်။
တက္ကစီဒရိုင်ဘာက ကျွန်တော်တို့နှစ်ယောက်ကို ကြည့်ရှု၍ ရယ်မောလိုက်ပြီး ကျွန်တော်တို့နောက်မှာ ကပ်နေသော ဟိုတယ်ကြီးကို လက်ညှိုးထိုးပြ တော့သည်။
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်၍ ကားပေါ်မှဆင်းကာ အိန္ဒြေရရ ပြန်ခဲ့ကြသည်။
နောက်တစ်နေ့တွင် မြို့ကို ကားနှင့်ပတ်ပြီး ကြည့်ကြပါသည်။
နေ့လယ်စာအတွက် သံအမတ်ကြီး ဒေါ်ခင်ကြည်က "ထမင်းလက်သုတ်လုပ်ထားတယ်၊လာစားကြပါ" ဟု အခေါ်လွှတ်ထားသောကြောင့် သွားစားကြပါသည်။ ထမင်းလက်သုပ်ကို အားပါးတရစားနေကြသဖြင့် သတိပေးရပြန်ပါသည်။ ထိုနေ့ညစာစားပွဲတွင် နယူးဒေလီမှ အဆိုကျော်ဖြစ်သူ အမျိုးသမီးကလေးတစ်ဦးနှင့် အနုပညာရှင်များ တက်ရောက်ကြလေသည်။
အဆိုကျော်မှာ ရုပ်ရှင်နောက်ခံတေး ဓာတ်ပြားသွင်းခြင်း၊ အသံလွှင့်ခြင်းတို့တွင် နာမည်ကြီးဖြစ်ကြောင်း သိရပါသည်။
အဆိုကျော်သည် နှုတ်ခမ်းမွှေးနှင့် ဖြစ်၏။အမျိုးသားများကဲ့သို့ သူ့နှုတ်ခမ်းမွှေးကရှည်လျားနေပေသည်။
"ဘာပြုလို့ နှုတ်ခမ်းမွှေးထားသလဲ "
ကျွန်တော်က မေးကြည့်မိ၏။ အဆိုကျော်က ရယ်၍ ဖြေလေသည်။
"ကျွန်မငယ်ငယ်က ဖေဖေနှုတ်ခမ်းမွှေးရိတ်ပြီးတိုင်း သူမသိအောင် ကျွန်မနှုတ်ခမ်းမွှေးကို အကြိမ်ကြိမ် ရိတ်ခဲ့မိလို့ အခုလိုရှည်နေတာပါ။ ခုတော့ နှုတ်ယင်လဲနာ၊ ရိတ်ယင်လဲ ခဏခဏ ရိတ်နေရလို့ ဒီအတိုင်းပဲ ထားလိုက်ပါတယ်"
ခုချိန်ထိဆိုပါမူ သူမ၏နှုတ်ခမ်းမွှေးသည် မည်မျှ
ရှည်လျှားနေမည်မသိတော့ပါ။

(အပိုင်း-၄ ပြီး၏ )

(အပိုင်း-၅ ဆက်လက်ဖော်ပြပါမည်)

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #မြန်မာ့ရိုးရာ #‌‌စောင်းဦးဘသန်း

 #အလင်္ကာကျော်စွာစောင်းဦးဘသန်းအတ္ထုပ္ပတ္တိ(အပိုင်း ၄ အဆက်)(ဃ)  #ငါးနိုင်ငံသို့ယဉ်ကျေးမှုခရီး_၁၉၅၆ #အိန္ဒိယတွင်ကျွန်တော်သ...
01/09/2026

#အလင်္ကာကျော်စွာစောင်းဦးဘသန်းအတ္ထုပ္ပတ္တိ
(အပိုင်း ၄ အဆက်)

(ဃ) #ငါးနိုင်ငံသို့ယဉ်ကျေးမှုခရီး_၁၉၅၆

#အိန္ဒိယတွင်
ကျွန်တော်သည် ယဉ်ကျေးမှုကပွဲကို အုပ်ချုပ်၍
ကလကတ္တား၊နယူးဒေလီ၊ ဆိုဗီယက်၊ ယူရိုစလပ်၊ ဂျာမနီ၊ ချက်ကို၊ ပိုလန်နိုင်ငံများသို့ သွားရပြန်ပါသည်။ ရန်ကုန်မှလေယာဉ်နှင့် စတင်ထွက်ခွါပြီး ကလကတ္တားလေဆိပ်တွင် ခေတ္တဝင်ရောက် နားပါသည်။ ကလကတ္တားမှနယူးဒေလီမြို့သို့ ခရီးနှင်ကြရာ ညနေ၅နာရီတွင် နယူးဒေလီမြို့သို့ ရောက်ကြလေသည်။
နယူးဒေလီမြို့သည် အဆောက်အအုံများ ကြီးမားခြင်း၊ သန့်ရှင်းခြင်းနှင့် စည်ကားခြင်းများကို တွေ့ရှိရပါသည်။ ကျွန်တော်တို့အားလုံး မဒီးနားဟိုတယ်ကြီးတွင် တည်းခိုကြပါသည်။
နယူးဒေလီမြို့တွင်းရှိ အရိပ်ကောင်းသော သစ်ပင်များအောက်တွင် တူရိယာအဖွဲ့ငယ်ကလေးများ ဟိုတစ်စုသည်တစ်စု ကိုယ့်အဖွဲ့နှင့်ကိုယ် တီးမှုတ်နေကြသည်ကိုတွေ့ရ၏။ ကျွန်တော်နှင့်စိန်ချစ်တီး စိန်ကုလားတို့က သွားရောက်မိတ်ဖွဲ့ကာ သူတို့တူရိယာများကို ယူ၍တီးကြည့်ပါသည်။
"ဒီညက ပွဲရှိတယ်။လာကြည့်ကြပါ" ဟု ဖိတ်လိုက်သဖြင့် ကျွန်တော်တို့သုံးယောက်သွားကြည့်ကြသည်။
ကပွဲက မြို့အစွန်တစ်နေရာတွင်ဖြစ်သည်။ ပိတ်ဖြူ အပြည့်ခင်းထားသည့် အခန်းကျဉ်းကလေးထဲတွင် ကျင်းပသောပွဲဖြစ်သည်။ ထိုပိတ်ဖြူပေါ်ထိုင်ပါက ၅ကျပ် ပေးရသည်။ စိန်ချစ်တီးနှင့် စိန်ကုလားတို့က မထိုင်ကြသော်လည်း ကျွန်တော့်ကို တူရိယာအဖွဲ့သားများက ထိုင်ခိုင်းသဖြင့် ထိုင်ခဲ့ပါသည်။
မကြာပါ။ နှုတ်ခမ်းမွှေးကောင်းကောင်း အဝတ်အစားသန့်သန့်ပြန့်ပြန့် ဝတ်ဆင်ထားသူတစ်ဦးရောက်လာပြီး ထိုပိတ်ဖြူပေါ်သို့ တက်ထိုင်လိုက်၏။ အိန္ဒိယအမျိုးသမီးကလေးတစ်ယောက် ထွက်လာကာ ထိုသူကို မှီစရာခုံကလေး တစ်ခုချပေးသွားလေသည်။ နောက်ထပ်လေးဦး ထပ်မံရောက်ရှိလာပြန်ရာ အမျိုးသမီးကလေး လေးယောက်က မှီအုံးလေးခု လာချပေးသွားကြပြန်သည်။
ထောင့်တစ်ထောင့်တွင် စုနေကြသော ကချေသည်မကလေးများသည် ကွမ်းယာကိုင်ပြီး ထွက်လာကြသည်။ ကွမ်းယာကို ဟိုလူပေးရနိုး၊သည်လူပေးရနိုး ဝေခွဲမရဟန် ကျီစယ်၍ကကြ၏။ ပိတ်ဖြူပေါ်ထိုင်နေသူတစ်ဦးက ဝိုင်းနေအောင် ကလျှက်ရှိသူကလေး မြင်သာအောင်ငွေကျပ်တန် တစ်ချပ်ကိုကိုင်ပြီး လှုပ်ပြလျှက် ရှိ၏။ ကချေသည်မလေးသည် ကွမ်းယာကို သူ့နှုတ်ခမ်းနှင့် ကိုက်လိုက်ပြီး ကရင်းမှငွေ ၅ကျပ် ပေးသောသူ၏ပါးစပ်နှင့်တေ့ကာ ကွမ်းယာကိုကျွေးတော့၏။ ကွမ်းယာကို ပါးစပ်ချင်းတေ့၍ ကျွေးနေစဉ် လက်တစ်ဖက်က ငွေ၅ကျပ်ကို ယူလျှက်ရှိ၏။
ကွမ်းတစ်ယာကို ငါးကျပ်တစ်ဆယ်ပေး၍ အပြိုင်အဆိုင်စားနေကြသကဲ့သို့ ကချေသည်ကလေးတွေကလည်း တစ်ယောက်တစ်လှည့်စီ
ကပြီး ကွမ်းယာရောင်းနေကြလေသည်။
အခြားအခန်းများသို့ သွားရောက်လေ့လာကြည့်ရှုရာ ထိုအတိုင်းလုပ်နေကြသည်ကို တွေ့ခဲ့ရပါသည်။

#ဆိုဗီယက်မှာတစ်လကြာ
နောက်နှစ်ရက်အကြာ ဆိုဗီယက်မှလေကြောင်းလမ်းပြမည့်ပုဂ္ဂိလ် ရောက်လာသဖြင့် ကျွန်တော်တို့သည်လည်း နယူးဒေလီမှဆိုဗီယက်သို့ ခရီးဆက်ကြရပါသည်။
ပါကစ္စတန်လေဆိပ်သို့ နေ့၁နာရီတွင် ရောက်သွားကြ၏။ ည ၆ နာရီတွင် ထိုလေဆိပ်မှတက်ကာ ဘယ်ဆီသို့ရောက်နေမှန်းမသိ တစ်ညလုံးခရီးနှင်လျှက်ရှိပါသည်။ သန်းခေါင်ကျော် လင်းအားကြီး ၃ နာရီတွင် ဆိုဗီယက်လေဆိပ်သို့ ဆင်းသက်ရောက်ရှိကြသည်။ အပြင်တွင်လေအလွန်တိုက်၍ အေးသည့် ဒဏ်ကို ခံစားလိုက်ရသည်။ အအေးဒဏ်ကိုအလွန်ခံရခက်နေစဉ် လေယာဉ်ကွင်း အအေးခန်းထဲသို့ခေါ်၍ ကော်ဖီပူပူကလေးတိုက်ပါသည်။
နေ့လယ်စာကို တည်းခိုသောဟိုတယ်မှကျွေး၏။ ထမင်းမဟုတ်။ ပေါင်မုန့်ကြမ်းနှင့်အသားပြုတ်၊
တို့စားစရာအဖြစ် ကြက်ဥပြုတ်တို့ ဖြစ်လေသည်။ နယ်ဖတ်မစားရသောကြောင့် ခံတွင်းမတွေ့ပါ။
နံနက်စောစော လက်ဖက်ရည်သောက်ချိန်တွင် စွတ်ဟင်းချိုကလေးသာလျှင် ပူပူနွေးနွေးရှိပြီး ကော်ဖီမှာ သင့်ရုံလောက်သာ ပူနွေးလျှက်ရှိပါသည်။ အသားများမှာ သိုးသား ၊ ဆိတ်၊ အမဲ၊ ဝက်၊ ငါးကြီးသားများနှင့် ကျွေးပါသည်။ ဗိုက်ပြည့်အောင် စားလိုက်ရသော်လည်း အသားတိုင်း အပြုတ်ချည်းဖြစ်နေသောကြောင့် တင်းတိမ်အရသာမတွေ့ပါ။
နှစ်ရက်ခန့်အကြာ စတာလင်နှင့် လီနင်တို့၏ ရုပ်ကလာပ် ထားရှိရာသို့ သွားရောက်၍ လွမ်းသူ့ပန်းခွေချကြရပါသည်။
နေ့စဉ်ဆိုသလို ပြတိုက်ရှုခင်းများနှင့် ကြည့်ရှုဖွယ်ကောင်းသောနေရာများသို့ လိုက်လံပို့ပေးပါသည်။

မြို့တွင်းသို့ သွားလာနေသော မီးရထားများမှာ
မြေအောက်လမ်းဖြစ်သည်။ ၎င်းမြေအောက် မီးရထားများ တစ်စီးနှင့်တစ်စီး အဝင်အထွက်မှာ ၁၀မိနစ်သာခြားကြသည်။
တပတ်ကျော်ကျော်မျှ လှည့်လည်ကြည့်ရှုကြပြီးနောက် ယဉ်ကျေးမှုကပွဲစရန် ပြင်ဆင်ရသည်။
သူတို့ဆီတွင် ပြဇာတ်ရုံ၊ တိရစ္ဆာန်ပြသောရုံ၊ ကာလသားများအပျော်တက်ကသောရုံ ၊ ဇာတ်ရုံအသီးသီးရှိကြသည်။
ကျွန်တော်တို့သည် ပြဇာတ်ရုံတွင် ကပြကြ၏။
ပြဇာတ်ရုံမှာ အလွန်ကျယ်ဝန်းပြီး သုံးထပ်လေးထပ် စသည်ဖြင့်ရှိ၏။ ကျွန်တော်တို့အတွက် (စတိတ်မန်နေဂျာ) ဇာတ်စင်ကြီးကြပ် ပြင်ဆင်သူတစ်ယောက်ကို အမြဲထားပေးသည်။ သူ့ကို ကျွန်တော်တို့က နောက်ထပ်ကပြရန် အစီအစဉ်ကိုသာ ပြောပြလိုက်ပါမူ ထိုရုံသို့သွား၍ အပြီးပြင်ဆင်ထားတတ်ပါသည်။
မြန်မာ့တူရိယာတီးကွက်ကကွက်တို့မှာ သူတို့အတွက် သစ်ဆန်းနေပုံရသည်။ အဘယ်ကြောင့်ဆိုသော် တီးပုံ၊ကပုံချင်း အလွန်ကွာခြား‌နေသောကြောင့် ဖြစ်သည်။ သို့သော် ကျွန်တော်တို့၏ အတီးအကများကို နှစ်သက်ကြကြောင်း တွေ့ရှိခဲ့ရပါသည်။
တစ်နေ့တွင် ကျွန်တော်သည် စိန်ကုလားကို ခေါ်၍ မြေအောက်မီးရထားစီးရန် ထွက်ခဲ့ကြ၏။ ကျွန်တော်တို့ရှေ့မှ လူတစ်ယောက်က ကျပ်တန်တရွက်ထုပ်၍ လက်မှတ်ဆုတ်လေသည်။ ကျွန်တော်ကလည်း ကျပ်တန်နှစ်ရွက်ထုတ်၍ လက်မှတ်ဆုတ်လိုက်သည်။လက်မှတ်ကို ရထားပေါ်တွင် ကိုယ်တိုင်ဆုတ်၍ ငွေကို ပုံးထဲထည့်ရ၏။
ထိုသူဆင်းမည့်နေရာကို အကဲခတ်ရင်း မျက်ခြေမပြတ် စောင့်ကြည့်လိုက်ပါလာခဲ့ကြရာ ထိုလူလည်းဆင်း ကျွန်တော်တို့လည်း ဆင်းလိုက်ကြသည်။မြေအောက်မှ အပေါ်သို့လည်နေသော လှေကားနှင့် တက်ရသည်။ အတန်ကြာ လျှောက်လည်ကြပြီးသည်တွင် ရထားပြန်စီးကြသည်။ သို့သော် ပြန်လမ်းမမှတ်မိတော့ဘဲရှိသည်။ ထို့ကြောင့် အိတ်ထဲမှ ဟိုတယ်ကတ်ပြားကိုထုတ်ယူလိုက်ပြီး ခပ်လှမ်းလှမ်းတွင်တွေ့ရသော ရဲထံ သွားပြလိုက်သည်။ ရဲက တက္ကစီတစ်စီးခေါ်ပေးကာ ဟိုတယ်သို့ပို့ပေးရန် ညွှန်လိုက်လေသည်။ တက္ကစီခ ၅ ကျပ်သာပေးရလေသည်။
နောက်တစ်နေ့စိန်ကုလားနှင့်အတူ ယခင်အပတ်က စားသောက်ခဲ့သော တရုတ်ဆိုင်ကိုလိုက်ရှာကြရာ မတွေ့ပဲ မျက်စိလည်သွားတော့၏။ ယခင်နည်းတူ ရဲအကူအညီယူ၍ ဟိုတယ်သို့ပြန်လာကြသည်။
ဆိုဗီယက်တွင် ကျွန်တော်တို့ တစ်လခန့် လှည့်လည်ကပြခဲ့ကြ၏။

(ဆက်လက်‌ဖော်ပြပါမည်)

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #စည်းနဲ့ဝါး #‌‌စောင်းဦးဘသန်း

 #အလင်္ကာကျော်စွာစောင်းဦးဘသန်းအတ္ထုပ္ပတ္တိ(အပိုင်း ၄ အဆက်) #ရှန်ဟိုင်း_ပီကင်း_ချုံကင်းခရီးရှန်ဟိုင်းမှ ပီကင်းသို့ ထွက်ခဲ...
31/08/2026

#အလင်္ကာကျော်စွာစောင်းဦးဘသန်းအတ္ထုပ္ပတ္တိ
(အပိုင်း ၄ အဆက်)

#ရှန်ဟိုင်း_ပီကင်း_ချုံကင်းခရီး

ရှန်ဟိုင်းမှ ပီကင်းသို့ ထွက်ခဲ့ကြသောနေ့က ကျွန်တော်တို့အတွက် အထူးသီးသန့်ရထားဖြင့် ပို့ပေးသောကြောင့် ရထားကို ဖြည်းဖြည်းမောင်းပေးသည်။
အထူးရထားပေါ်တွင် သီတင်းကျွတ်လပြည့်နှင့် တိုက်ဆိုင်နေသဖြင့် မြန်မာတို့၏ ထုံးဓလေ့ရှိသည့်အတိုင်း ဆီမီးဖယောင်းတိုင်များ ထွန်းညှိပူဇော်ကာ ဥပုသ်စောင့်၍ လိုက်ပါခဲ့ကြပါသည်။
အသွားခရီးက မဝင်ခဲ့ရသော မြို့များသို့ အပြန်ခရီးစဉ်တွင် ဝင်ရောက်ကပြပြီးနောက်တစ်နေ့
ပီကင်းမြို့တွင် တစ်ပတ်ခန့် နေကြရလေသည်။
ပီကင်းမြို့တွင် ကျွန်တော်တို့က ဧည့်ခံပွဲပြုလုပ်ကာ နှုတ်ဆက်ပွဲအဖြစ်နှင့်ကပြပြီး နောက်တစ်နေ့ ညစာစားပွဲကိုသူတို့က ကျွေးမွေးပြုစုကြပါသည်။
ပီကင်းမြို့မှ ချုံကင်းမြို့သို့ ပို့ဆောင်ပေးပြီး ချုံကင်းမြို့မှ လေယာဉ်ငယ်ခြောက်စီးဖြင့် ကူမင်းမြို့သို့ပို့ပေးကြရန် စီစဉ်ထားကြောင်း သိရပါသည်။
လေယာဉ်ခရီးစဉ်၌ တောင်တန်းကြီးများ အလွန်မြင့်မားကြသည့်အပြင် လေအဟုန်မှာလည်း ပြင်းထန်လှဘိ၏။
ထို့ကြောင့် လေယာဉ်ကလေးတွေမှာ လူးလိမ့်လှုပ်ရှားနေရုံမက တစ်ခါတစ်ရံ မြေပေါ်သို့ ရောက်သွားသည့်အလား ခံစားရပါသည်။ ဆန်ကောထဲ ဆီးဖြူသီးထည့်လှိမ့်ဘိသကဲ့သို့ အဖွဲ့သားများ မူးဝေအော့အန်ကြသည်။ လေယာဉ်ပေါ်တွင် အန်ဖတ်တွေ နှင့် ပြည့်နေသော်လည်း လေယာဉ်မှူးများမှာ စိတ်ရှည် လက်ရှည် ပြုစုပေးရှာပါသည်။
ကျွန်တော်သည် အများနည်းတူ မအန်သော်လည်း
သူတို့အန်ဖတ်တွေကို ကြည့်၍ အန်ချင်အော့ချင်လာပါသည်။
ထို့ကြောင့်လေယာဉ်မှူး အခန်းသို့သွား၍ ရှေ့ကြည့်ကာ လိုက်ခဲ့ရ၏။
ကူမင်းလေဆိပ်သို့ဆင်းသည်နှင့် ပန်းစည်းများကိုင်ပြီး စောင့်ကြိုနေကြသူ ကျောင်းသူကျောင်းသားများ ပြေးလာကြသည်။
ကျွန်တော်က လေယာဉ်ပေါ်တွင်မူးလဲနေကြကြောင်း လက်ဟန်ခြေဟန်ဖြင့်ပြောပြရာ လေယာဉ်ပေါ်သို့ ပြေးတက်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ထမ်းယူခဲ့ကြသည်။ နောက်လေယာဉ်များတစ်စင်းပြီးတစ်စင်း ဆင်းသက်လာကြရာ ထိုနည်းတူစွာပင် မူးလဲနေကြသူများကို ထမ်း၍ခေါ်ယူလာကြရလေသည်။ နောက်ဆုံးလေယာဉ်မှ ဦးညွန့်စိန်တစ်ယောက်သာ ကောင်းစွာ ဆင်းလာနိုင်သည်ကို တွေ့ရ၏။
လေဆိပ်ဆရာဝန်က ဆေးထိုးပြုစုပေးသောကြောင့်
နာရီဝက်အတွင်း အားလုံးသက်သာသွားကြသည်။
ကူမင်းမြို့တွင် နှစ်ရက်အနားယူကြပြီးနောက် ကပြကြရသည်။ ကပွဲရုံကြီးမှာ အလွန်ကြီးကျယ်ခမ်းနားလှပေသည်။
မြို့သူမြို့သားများက ထပ်မံတောင်းဆိုသဖြင့် နောက်တစ်ပွဲထပ်ကပေးရသည်။ အဖွဲ့သားများမှာ ဖျားသူကဖျား၊ အိပ်ရာထဲ ကွေးနေသူက ကွေးနေသောကြောင့် ၎င်းတို့ကို ဆရာဝန်က လိုက်လံကုသပေးရ၏။

#ပြည်တော်ပြန်ကုန်းလမ်းခရီး

စင်စစ် ကူမင်းတွင် နှစ်ရက်ခန့်နေပြီး ရန်ကုန်သို့ ပြန်ရန်ဖြစ်သော်လည်း လေယာဉ်လည်းမလာသဖြင့် ကူမင်းတွင် သောင်တင်နေကြပေပြီ။
အဖွဲ့တစ်ဖွဲလုံးစိတ်ဓါတ်ကျနေသကဲ့သို့ ကျွန်တော်တို့ကလည်း စားရေးသောက်ရေး နေရေးထိုင်ရေးတို့အတွက် စိတ်ပူကြရသည်။
"မပူနဲ့ဆရာ။ ကျွန်တော်တို့အားလုံး တာဝန်ယူပါတယ်။ မြို့ကြီးနဲ့ဝေးပေမယ့် စားရေးသောက်ရေးကို ကျွန်တော်တို့စီစဉ်ပေးမယ်"
လိုက်ပို့ကြသော ဆွာစီမင်းနှင့်မစ္စတာချမ်းတို့က အားပေးစကားပြောကြပါသည်။
ထိုသို့ပြောသဖြင့် ပို၍အားနာနေရသည်။ ရှားပါးသည့်ဒေသတွင် အစစအရာရာ မချွတ်ယွင်းရအောင် စီစဉ်ဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးမတင်ပဲ မနေနိုင်ပါ။ မချီးမွမ်းပဲမနေနိုင်ပါ။ တစ်နေ့တစ်ခြား အားငယ်နေကြသည်။ ရန်ကုန်မှလည်း မည်သည့်အကြောင်းမျှမသိရ။ ရန်ကုန်က လေယာဉ်ကိုသာ မျှော်နေကြသည်။ ထိုစဉ် ရန်ကုန်မှ ကြေးနန်းဝင်လာသည်။ ကြေးနန်းမှာ_
"ယဉ်ကျေးမှုအဖွဲ့ ကုန်းလမ်းခရီးမှ ပြန်ခဲ့ကြပါ" ဟူသတည်း။
ငိုသူက ငိုကြ၏။ ပြန်မလိုက်ဟု ဆိုသူကဆိုကြ၏။တစ်ယောက်တစ်ပေါက် ပြောဆိုငြီးတွားလျှက် မှိုင်သူကမှိုင်၊ ငေးသူကငေး၊ အထူးသဖြင့် ဦးဟန်ပနှင့် အမျိုးသမီးလေးငါးယောက်မှာ အတော်နေထိုင်မကောင်း ဖြစ်နေကြသည်က ဆိုးလှ၏။
ကျွန်တော် မကြံတတ် ဖြစ်နေချိန်
"စိတ်ညစ်မနေစမ်းပါနဲ့ဆရာရယ်၊ ကျွန်တော်တို့မော်တော်ကားကြီးတွေ စီစဉ်ပေးမယ်။ နေမကောင်းတဲ့သူတွေစီးဖို့ လေလုံတဲ့ကားတွေနဲ့ ပို့ပေးမှာပေါ့"
မစ္စတာချမ်းနှင့် ဆွာစီမင်းက တာဝန်ယူပြောဆိုကြ၏။ သူတို့နှစ်ယောက် ပြောကြသည့်အတိုင်း တကယ်ပင်ကားကြီးများ ရောက်လာသည်။
ကျွန်တော်က နောက်ဆုံးကားတွင် လိုက်ပါခဲ့၏။ မကြာခနရပ်၍ ကြည့်ရှုစောင့်ရှောက်ပေးရသည်။ ကားပေါ်တွင် ဆရာဝန်၊ ဆရာမများနှင့် ကားစက်ပြင် အင်ဂျင်နီယာ အဖွဲ့ပါကြသည်။
တောတောင်ခရီးလမ်းအတိုင်း ထွက်လာခဲ့ကြ၏။ နေ့လယ်စာကို ရွာတရွာတွင် ၀င်ရောက်စားသောက်ကြရာ အဆင်သင့် စားသောက်ကြရသည်။
တောလမ်းခရီး၌ ခြောက်ရက်တိုင်လာခဲ့ကြ၏။ လမ်းခရီး၌ အဖွဲ့၏ယောက်မနှင့် ကျွန်တော် ပြဿနာဖြစ် အချင်းများခဲ့သည်။ တရုတ်-မြန်မာနယ်စပ်သို့ နံနက်စောစောရောက်၍ နေ့လယ်စာကို မစ္စတာချမ်းတို့က စီစဉ်ကျွေးမွေးကြလေသည်။
တစ်ဘက်ကမ်းတွင် ကားများအသင့်စောင့်ကြိုနေကြသည် လှမ်းမြင်ရ၏။ လိုက်ပို့သူ မိတ်ဆွေများနှင့် ခွဲခွါချိန်ရောက်ပြီဖြစ်သဖြင့် နှုတ်ဆက်ကြသည်။တစ်ယောက်ကိုတစ်ယောက်ဖက်ယမ်းနမ်းရှုပ်ပြီး ငိုသူငိုကြသည်။ လားရှိုးစစ်တပ်အတွင်း ရောက်သွားကြချိန် အဖွဲ့၏ယောက်မကို ကျွန်တော်လိုက်ရှာရာ မတွေ့တော့ပါ။

#ယောက်မလက်ချက်ရာထူးတစ်ဝက်

ရန်ကုန်သို့ရောက်ပြီး တစ်ပတ်ခန့်အကြာတွင်
"ကျွန်တော့်ကို ရာထူးတစ်ဝက် ချလိုက်သည် " ဟူသော စာတစ်စောင် ရောက်လာလေသည်။
ယောက်မ၏လက်ချက်ပင်ဖြစ်ရမည်ဟု ကျွန်တော်တွေးထင်ထားသည့်အတိုင်း လူကြီးများကိုသူက မဟုတ်မဟပ်တွေ သွားပြောလိုက်ပေပြီ ။
တစ်ပတ်ခန့်အကြာတွင် အတွင်းဝန်ကလေးသည် ကျွန်တော်ရှိရာ ဗမာ့ခေတ် ဦးအုန်းခင်၏ဘီလိယက်ခုံသို့ လိုက်လာလေသည်။
"ကျွန်တော် အိုရီယင့်ကလာပ် ရောက်ခဲ့သေးတယ် ဆရာ "
"ဘာကိစ္စပါလဲ အတွင်းဝန်ကလေး "
"အတွင်းဝန်က ခေါ်ခိုင်းလိုက်လို့ပါ"
"ဘာကိစ္စဖြစ်ဖြစ် ကျွန်တော်မလိုက်ဘူး။ ထောင်ချမလို့ ဖမ်းချင်ရင်တော့ ဒီနေရာမှာ ကျွန်တော် အမြဲရှိတယ်။ အချိန်မရွေးဖမ်းပါ"
အတွင်းဝန်ကလေးပြန်သွားတော့၏။ ၁၅ရက်ခန့်အကြာ ရုံးလုလင်ကလေးတစ်ယောက် စာလာပေး၍ ဖောက်ဖတ်လိုက်၏။ ၎င်းစာတွင် _
"ယဉ်ကျေးမှုအထက်တန်းအရာရှိ ဦးဘသန်းသည် အလုပ်ဝတ္တရားများကို ဆောင်ရွက်နေသည်ဟု ယူဆ၍ ယခုစာရသည့် အချိန်မှစ၍ အလုပ်ဝတ္တရားများ ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားအပ်ပါသည်။ အတွင်းဝန်၊ ဝန်ကြီးချုပ်ရုံး" ဟု ပါရှိ၏။
စာဖတ်ပြီး အတွင်းဝန်ရုံးသို့ ဝန်ကြီးနှင့်သွားတွေ့လိုက်၏။ ယောက်မအကြောင်းကို ကျွန်တော်ရှင်းပြပြီး ရာထူးချထားချိန်တွင် ပင်စင်နှင့်အခြားအခွင့်အရေးများ နစ်နာစရာအကြောင်းရှိသောကြောင့် ၎င်းကိစ္စများကို အပြည့်အစုံပါအောင် ထပ်မံဆောင်ရွက်ပေးရန် တောင်းဆိုပြီးပြန်ခဲ့သည်။
၁၅ ရက်ခန့်အကြာတွင် ကျွန်တော်တောင်းဆိုခဲ့သော
အခွင့်အရေးများ ပါရှိသည့်စာနှင့်တကွ အလုပ်ပြန်ဆင်းရန် စာတစ်စောင်ပါ ပူးတွဲပါလာသဖြင့် နောက်နေ့တွင် ရုံးပြန်တက်သည်။

(ဆက်လက်ဖော်ပြပါမည်)

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #စည်းနဲ့ဝါး #‌‌စောင်းဦးဘသန်း

Address

Yangon

Telephone

+959787089472

Website

Alerts

Be the first to know and let us send you an email when Myanmar Harp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category