Myanmar Harp

Myanmar Harp Thank you for your kind support.

We are providing not just mere Harp sales,service and Harp training classes, but we share general knowledge about Myanmar Harp and its background stories here in this Page.

အခန်း (၉) နိဂုံးပိုင်း  #ရတနာပုံခေတ်နန်းတွင်းစောင်းပညာကျော်ဒေဝဣန္ဒာတပည့်များနှင့် မဟာဂီတအမွေအနှစ်ဒေဝဣန္ဒာ၏ ဘဝကိုပြန်လည်သ...
13/06/2026

အခန်း (၉) နိဂုံးပိုင်း
#ရတနာပုံခေတ်နန်းတွင်းစောင်းပညာကျော်ဒေဝဣန္ဒာ

တပည့်များနှင့် မဟာဂီတအမွေအနှစ်

ဒေဝဣန္ဒာ၏ ဘဝကိုပြန်လည်သုံးသပ်ကြည့်လျှင် သူ၏အကြီးမားဆုံး စွမ်းဆောင်မှုသည်စောင်းပညာတွင်ထူးချွန်ခဲ့ခြင်းတစ်ခုတည်းသာမဟုတ်ပေ။
မဟာဂီတအမွေအနှစ်ကို နောင်မျိုးဆက်များထံ စနစ်တကျ လက်ဆင့်ကမ်းပေးနိုင်ခဲ့ခြင်းသည်လည်း အလွန်ကြီးမားသောကျေးဇူးတစ်ရပ် ဖြစ်သည်။
နန်းတွင်းခေတ်ကုန်ဆုံးသွားပြီးနောက် မဟာဂီတပညာရပ်များ ပျောက်ကွယ်သွားနိုင်သောအန္တရာယ်ရှိနေခဲ့သည်။ သို့သော် ဒေဝဣန္ဒာကဲ့သို့သော ပညာရှင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် မြန်မာ့ဂီတ၏ အသက်သွေးကြောသည်မပြတ်တောက်ခဲ့ပေ။
ဒေဝဣန္ဒာ၏ တပည့်များထဲတွင်ထင်ရှားကျော်ကြားသူ အများအပြားပေါ်ထွန်းခဲ့သည်။
သီပေါဟော်နန်းမှ စောမြအေးကြည်သည် ထင်ရှားသော တပည့်တစ်ဦး ဖြစ်သည်။ နောင်အခါတွင် "မြန်မာ့ဂီတမိခင်ကြီး" ဟူ၍ပင် ဂုဏ်ပြုတင်စားခြင်း ခံရသည်အထိ မြန်မာ့ဂီတလောက၌ ကြီးမားသော အခန်းကဏ္ဍမှပါဝင်နိုင်ခဲ့သည်။ သူမ၏ ဂီတအခြေခံအုတ်မြစ်များတွင် ဒေဝဣန္ဒာထံမှသင်ယူခဲ့ရသော စောင်းပညာနှင့် မဟာဂီတအမွေအနှစ်များပါဝင်နေခဲ့သည်။
ဒေဝဣန္ဒာ၏ အရင်းနှီးဆုံးနှင့် အချစ်ဆုံးတပည့်များထဲတွင် မာမူမောင်မောင်လတ်လည်း ပါဝင်သည်။ မြန်မာမူဆလင်တစ်ဦးဖြစ်သော မောင်မောင်လတ်သည် ဆရာကြီးအားဖခင်တစ်ဦးကဲ့သို့ ချစ်ခင်လေးစားခဲ့သည်။ ဒေဝဣန္ဒာထံမှ မဟာဂီတ၏ နက်နဲသော ပညာရပ်များကိုဆည်းပူးသင်ယူခဲ့ပြီး ဆရာထံမှရရှိခဲ့သော ပညာများကိုအခြေခံကာ "ဂီတဝိသောဓနီ" ကျမ်းကိုပြုစုရေးသားနိုင်ခဲ့သည်။
ဂီတဝိသောဓနီကျမ်းသည် မြန်မာ့ဂီတလောကအတွက် အလွန်တန်ဖိုးရှိသော ကျမ်းတစ်စောင် ဖြစ်လာခဲ့ပြီး နောင်လာမည့် ဂီတသုတေသီများ၊ ဂီတပညာရှင်များအတွက် မီးရှူးတန်ဆောင်တစ်ခုသဖွယ် အားကိုးစရာဖြစ်လာခဲ့သည်။ ထိုကျမ်းတွင် ဒေဝဣန္ဒာ၏ ဂီတအမွေအနှစ်များများစွာပါဝင်နေခဲ့သည်။
ဒေဝဣန္ဒာ၏ ထင်ရှားသော တပည့်တစ်ဦးမှာ နိုင်ငံကျော် ဆိုင်းဆရာကြီးစိန်ဗေဒါဖြစ်သည်။ စိန်ဗေဒါသည် ဆိုင်းပညာတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သော်လည်း မိမိဆရာဒေဝဣန္ဒာအပေါ် ထားရှိသော လေးစားကြည်ညိုမှုကား တစ်သက်လုံး မလျော့ပါးခဲ့ပေ။ ဆရာကြီးသွားလေရာ နောက်မှ လိုက်ပါသင်ယူခဲ့သည့် သူ၏ဆရာတပည့်ဆက်ဆံရေးသည် မြန်မာ့ဂီတလောကတွင် ယနေ့တိုင် ပြောစမှတ်တစ်ခုအဖြစ်ကျန်ရှိနေဆဲဖြစ်သည်။
ထို့ပြင် ရန်ကုန်မြို့မှ ဘီးလစ်စာရေးကြီး ဦးအောင်လှ၊ အလင်္ကာကျော်စွာပုလဲဆရာငြိမ်း၊ မန္တလေး ပန်တျာကျောင်းမှ စောင်းဆရာမကြီး ဒေါ်ခင်မေ၊ အလင်္ကာကျော်စွာ စောင်းဘသန်းနှင့် ၎င်း၏ နှမဖြစ်သူ ဒေါ်တင်အုန်းတို့သည်လည်း ဒေဝဣန္ဒာ၏ ထင်ရှားသော တပည့်များဖြစ်ကြသည်။
အထူးသဖြင့် မန်းပန်တျာဒေါ်ခင်‌မေ၊
အလင်္ကာကျော်စွာစောင်းဦးဘသန်းနှင့် နှမဒေါ်တင်အုန်း ( ရန်ကုန်ပန်တျာစောင်းဆရာမ) တို့သည် စောင်းပညာကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလက်ဆင့်ကမ်းနိုင်ခဲ့ကြသူများဖြစ်လာခဲ့သည်။ ဒေဝဣန္ဒာထံမှ သင်ယူခဲ့ရသောပညာရပ်များသည် ၎င်းတို့မှတစ်ဆင့် နောက်မျိုးဆက်များထံဆက်လက်စီးဆင်းသွားခဲ့သည်။
ဒေဝဣန္ဒာသည် ဘဝနောက်ပိုင်းတွင် ရဟန်းဘဝဖြင့် နေထိုင်ခဲ့သည်။ သို့သော် ပညာကိုတန်ဖိုးထားသော တပည့်များက ဆရာကြီးထံလာရောက်၍ စောင်းပညာသင်ကြားပေးပါရန်လျှောက်ထားကြသည်။
ထိုအခါ ဆရာကြီးသည် မိမိတစ်ဦးတည်း သဘောဖြင့်မသင်ကြားခဲ့ပေ။ သက်ဆိုင်ရာ ဆရာတော်ကြီးများထံလျှောက်ထားတိုင်ပင်ခဲ့သည်။ ဆရာတော်ကြီးများက "ဤသည်မှာ လောကီအပျော်အပါးသင်ကြားခြင်း မဟုတ်၊ အတတ်ပညာကိုလက်ဆင့်ကမ်းခြင်း ဖြစ်သည်" ဟု မိန့်ကြားကာခွင့်ပြုပေးခဲ့ကြသည်။
ထို့ကြောင့် ဒေဝဣန္ဒာသည် ရဟန်းဘဝဖြင့်ပင် တပည့်များကိုပညာသင်ကြားပေးခဲ့သည်။ ဆရာကြီး၏ နောက်ဆုံးနေ့ရက်များအထိ မဟာဂီတကို လက်မလွှတ်ဘဲ တပည့်များအားဆက်လက်ပို့ချပေးခဲ့သည်။
ထိုသို့ဖြင့် ဒေဝဣန္ဒာ၏ပညာသည် လူတစ်ဦးတည်းနှင့်အဆုံးမသတ်ခဲ့ပေ။ တပည့်များမှတစ်ဆင့် တပည့်၏တပည့်များထံ၊ ထိုမှတစ်ဆင့် နောက်မျိုးဆက်များထံဆက်လက်စီးဆင်းသွားခဲ့သည်။
ယနေ့မြန်မာ့ဂီတလောက၌ ကြားနေရသောစောင်းသံများ၊ မဟာဂီတသံစဉ်များ၏နောက်ကွယ်တွင် ဒေဝဣန္ဒာအမည်ရှိ‌သောပညာရှင်ကြီး၏ ကျေးဇူးတရားများ အမြဲတည်ရှိနေမည်ဖြစ်သည်။

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #မြန်မာ့ရိုးရာ #စည်းနဲ့ဝါး

ရတနာပုံနန်းတွင်းစောင်းပညာကျော်‌ဒေဝဣန္ဒာမောင်မောင်ကြီး အခန်း (၈) #စိန်ဗေဒါတပည့်ခံသောနေ့ဒေဝဣန္ဒာ၏ ပညာဂုဏ်ကိုပြောဆိုရာတွင် ...
11/06/2026

ရတနာပုံနန်းတွင်းစောင်းပညာကျော်‌ဒေဝဣန္ဒာမောင်မောင်ကြီး

အခန်း (၈)
#စိန်ဗေဒါတပည့်ခံသောနေ့

ဒေဝဣန္ဒာ၏ ပညာဂုဏ်ကိုပြောဆိုရာတွင် စိန်ဗေဒါနှင့် ဆက်စပ်သောအဖြစ်အပျက်တစ်ခုကို မဖြစ်မနေ ထည့်သွင်းပြောဆိုရပေမည်။
သီပေါမင်းတရားကြီးပါတော်မူပြီးနောက်
တစ်ကြိမ်တွင် သမီးတော်များ၏နားထွင်းမင်္ဂလာ အခမ်းအနားကျင်းပရန်အတွက် မြန်မာနိုင်ငံမှပုဏ္ဏားဖြူ၊ပုဏ္ဏားညိုများ၊ အခါတော်ပေးဆရာများ၊ ဂီတပညာရှင်များနှင့် အတီးအမှုတ်ဆရာများကို အိန္ဒိယနိုင်ငံသို့ ပင့်ဆောင်ခဲ့ကြသည်။
ထိုခရီးစဉ်တွင် ဒေဝဣန္ဒာလည်းပါဝင်ခဲ့သလို နိုင်ငံကျော်ဆိုင်းဆရာကြီးဖြစ်သည့် စိန်ဗေဒါလည်းပါဝင်ခဲ့သည်။
တစ်နေ့တွင် သီပေါမင်းတရားကြီး၏ရှေ့တော်၌ ဂီတဖျော်ဖြေမှုပြုလုပ်ရန်စီစဉ်ကြသည်။ ဒေဝဣန္ဒာက စောင်းတီးရမည်ဖြစ်ပြီး စိန်ဗေဒါကပတ္တလားတီးရမည်ဖြစ်သည်။
ထိုစဉ်က စိန်ဗေဒါသည်ငယ်ရွယ်သေးသော်လည်း ထူးချွန်သောဆိုင်းဆရာတစ်ဦးအဖြစ် ကျော်ကြားနေပြီဖြစ်သည်။ သူ့စိတ်ထဲတွင် မိမိ၏ပညာစွမ်းကိုအပြည့်အဝယုံကြည်ထားသည်။
ထို့ကြောင့် ဖျော်ဖြေမည့်အစီအစဉ်တွင် စောင်းဆရာအားအရင်တီးခိုင်းပြီး နောက်မှ မိမိကပတ္တလားဖြင့် အစွမ်းပြကာ ကျော်လွန်ပြမည်ဟုစိတ်ကူးထားခဲ့သည်။
သို့သော် ဒေဝဣန္ဒာက ထိုသို့သောအကြံအစည်ကို မသိခဲ့။ ဆရာကြီးသည် မိမိ၏သဘာဝအတိုင်းသာ စောင်းကိုယူကာတည်ငြိမ်စွာတီးခတ်ခဲ့သည်။
စောင်းသံများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ခန်းမတစ်ခုလုံး ငြိမ်သက်သွားသည်။
အသံတိုင်းတွင် အနုအရွ၊ အထားအသိုနှင့် မဟာဂီတ၏ အနှစ်သာရတို့ပြည့်ဝနေသည်။ စောင်းသံမှာ နူးညံ့သိမ်မွေ့သော်လည်း နက်နဲသောစွမ်းအားတစ်ရပ်ကို သယ်ဆောင်ထားသကဲ့သို့ဖြစ်နေသည်။
စိန်ဗေဒါသည် နားထောင်နေရာမှ တဖြည်းဖြည်း အံ့အားသင့်လာခဲ့သည်။ သူ မကြားဖူးသော စောင်းသံမျိုး၊ သူမမြင်ဖူးသောဂီတပညာမျိုးကို ကြားတွေ့နေရသလိုခံစားရသည်။

"စောင်းကို ဒီလောက်ကောင်းအောင် တီးနိုင်သလား" ဟူသောအတွေးက သူ၏စိတ်ထဲတွင် ထပ်တလဲလဲ ပေါ်လာခဲ့သည်ဟုဆိုကြသည်။
နားထောင်နေရင်းပင် စိန်ဗေဒါ၏ရင်ထဲတွင် လေးစားကြောက်ရွံ့မှုများဖြစ်ပေါ်လာသည်။ ကိုယ်ပေါ်တွင် ဇောချွေးများပြန်လာသည်အထိဖြစ်လာခဲ့သည်။ ဒေဝဣန္ဒာ တီးခတ်ပြီးသောအခါ စိန်ဗေဒါ၏ အလှည့်ရောက်လာသည်။ သို့သော် သူသည်ပုံမှန်အတိုင်းမတီးနိုင်တော့ပေ။ စိတ်လှုပ်ရှားမှုနှင့် အံ့ဩမှုတို့ကြောင့် ကိုယ်တိုင်ပင်တုန်ယင်နေခဲ့သည်။
ထိုအခြေအနေကို သီပေါမင်းတရားကြီး သတိပြုမိသွားသည်။
"မောင်ကလေး (စိန်ဗေဒါ၏ငယ်နာမည်) သိပ်ပင်ပန်းလာပုံရတယ်။ ဒီနေ့တော့ နားလိုက်ပါဦး။ နောက်နေ့မှ ဆက်တီးကြတာပေါ့"
ဟု မိန့်တော်မူကာဖျော်ဖြေမှုကိုရပ်နားစေခဲ့သည်။
ထိုညတွင် စိန်ဗေဒါသည်အိပ်မပျော်နိုင်တော့ပေ။ ဒေဝဣန္ဒာ၏ စောင်းသံများကိုသာစိတ်ထဲတွင် ကြားယောင်နေခဲ့သည်။ မိမိသိထားသော ပညာများထက် ပိုမိုမြင့်မားသောပညာလောကကြီးတစ်ခု ရှိနေကြောင်းကို ပထမဆုံးအကြိမ်နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရခြင်းဖြစ်သည်။
မနက်မိုးမလင်းမီ စောစောပိုင်းတွင်ပင် စိန်ဗေဒါသည် ဒေဝဣန္ဒာထံသို့သွားရောက်ခဲ့သည်။
ဆရာကြီးကို တွေ့သည်နှင့် ရိုသေစွာရှိခိုးကန်တော့ပြီး "ဆရာကြီးခင်ဗျာ၊ ကျွန်တော့်အသက်အရွယ်နဲ့ ဒီပညာကို သင်လို့တတ်ပါဦးမလား"
ဟု မေးလျှောက်သည်။
ဒေဝဣန္ဒာက ပြုံး၍
"မောင်က ပညာအခြေခံရှိပြီးသားမို့ သင်ရင်တတ်မှာပါ။ ကြီးမှသင်တော့ အရိုးရင့်ပြီမို့ လက်သံကတော့ချိုမယ်မဟုတ်ဘူး"ဟု ပြန်လည်မိန့်ကြားခဲ့သည်။
ထိုအခါ စိန်ဗေဒါက
"သင်ခွင့်ရှိရင် သင်ပါရစေ"
ဟု လျှောက်ထားကာ ဒေဝဣန္ဒာထံတပည့်ခံခဲ့လေသည်။ ထိုနေ့မှစ၍ စိန်ဗေဒါသည်ဆိုင်းတီးရင်းဖြင့် စောင်းပညာကိုပါအလေးအနက်ဆည်းပူးသင်ယူခဲ့သည်။ ဒေဝဣန္ဒာသွားလေရာနောက်မှ လိုက်ပါကာ ဆရာအနီး၌အမြဲခစားသင်ယူခဲ့သည်။
နောင်အခါတွင် စိန်ဗေဒါသည် မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးဆိုင်းဆရာကြီးများအနက်တစ်ဦးဖြစ်လာခဲ့သည်။ သို့သော် သူသည် မိမိ၏ဆရာဒေဝဣန္ဒာအပေါ် ထားရှိသောလေးစားကြည်ညိုမှုကို ဘယ်သောအခါမျှမလျော့ပါးစေခဲ့ပေ။
တစ်ကြိမ်တွင် ဒေဝဣန္ဒာနှင့် စိန်ဗေဒါတို့ မန္တလေးမြို့အိမ်တော်ရာဘုရားသို့ ဖူးမြော်ကြပြီး ပြန်အထွက်၌ စိန်ဗေဒါကဆရာကြီး၏ ဖိနပ်ကိုကိုယ်တိုင်ကိုင်ဆောင်ကာလိုက်ပါလာခဲ့သည်။
ထိုအခါ လူအများက
"ဗေဒါကြီးလိုလူက ဖိနပ်ကိုင်ပေးရတဲ့ ပုဂ္ဂိုလ်ကြီးက ဘယ်လိုပုဂ္ဂိုလ်မျိုးပါလိမ့်"
ဟု အံ့ဩတကြီးပြောဆိုကြရသည်။
ထိုဖြစ်ရပ်သည် ဒေဝဣန္ဒာ၏ ပညာဂုဏ်၊ သိက္ခာဂုဏ်နှင့် တပည့်များ၏ကြည်ညိုလေးစားမှု မည်မျှ ကြီးမားကြောင်းကိုထင်ရှားစွာဖော်ပြနေသော သာဓကတစ်ခုပင်ဖြစ်သည်။
( ဆက်ရန် )

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #မြန်မာ့ရိုးရာ #စည်းနဲ့ဝါး

ရတနာပုံခေတ်နန်းတွင်းစောင်းပညာကျော် ဒေဝဣန္ဒာမောင်မောင်ကြီး အပိုင်း (၃)အခန်း (၆)❇️သီပေါမင်းလက်ထက် စောင်းတော်တီးအမှုထမ်းဆော...
10/06/2026

ရတနာပုံခေတ်နန်းတွင်းစောင်းပညာကျော် ဒေဝဣန္ဒာမောင်မောင်ကြီး အပိုင်း (၃)

အခန်း (၆)
❇️သီပေါမင်းလက်ထက် စောင်းတော်တီးအမှုထမ်းဆောင်ခြင်း

စစ်ကိုင်းတောင်၌ ရဟန်းဘဝဖြင့်တရားအားထုတ်နေခဲ့သော်လည်း သူ၏စောင်းပညာ၊ ဂီတဗဟုသုတနှင့် မဟာဂီတအပေါ် နှံ့စပ်ကျွမ်းကျင်မှုတို့သည် နန်းတွင်း၌အထူးလိုအပ်နေဆဲဖြစ်သည်။
ထို့ကြောင့် သီပေါမင်းသားသည် ဆရာကြီးအား လူဝတ်ဘဝသို့ ပြန်လည်ရောက်ရှိစေခဲ့ပြီး နန်းတွင်းဂီတအမှုတော်များကို ဆက်လက်ထမ်းဆောင်စေခဲ့သည်။ နောင်အခါ သီပေါမင်းသားနန်းတက်ကာ သီပေါမင်းတရားကြီး ဖြစ်လာသည့်အခါတွင်လည်း ဒေဝဣန္ဒာသည် စောင်းတော်တီးအမှုတော်ကို ဆက်လက်ထမ်းဆောင်ခဲ့ရသည်။
သီပေါမင်းလက်ထက် နန်းတွင်းဂီတလောကတွင် ဒေဝဣန္ဒာသည် ထိပ်တန်းပညာရှင်တစ်ဦးအဖြစ် ရပ်တည်ခဲ့သည်။ မင်းသား၊ မင်းသမီးများ၏ ဂီတဆရာအဖြစ်သာမက နန်းတွင်းဂီတစနစ်ကို ထိန်းသိမ်းသူ၊ လက်ဆင့်ကမ်းသူအဖြစ်လည်း တာဝန်ယူခဲ့ရသည်။

ဆရာကြီး၏ နေထိုင်ပုံမှာ အလွန်အေးချမ်းရိုးသားသည်ဟုဆိုကြသည်။ အရက်သေစာနှင့် အပျော်အပါးများကို စိတ်မဝင်စားဘဲ ဂီတပညာနှင့်သာ အချိန်ကုန်ဆုံးခဲ့သူဖြစ်သည်။ သဘောထားပြည့်ဝ၍ စိတ်သဘောကောင်းမွန်သောကြောင့် မင်းသားမင်းသမီးများ၏ လေးစားချစ်ခင်မှုကို အထူးရရှိခဲ့သည်။
မင်းသားမင်းသမီးများထဲတွင် ဆရာကြီး၏ တပည့်များစွာရှိခဲ့သည်။ ထို့ကြောင့်လည်း နန်းတွင်း၌ သူ၏ဂုဏ်သတင်းနှင့် ဩဇာမှာအလွန်ကြီးမားခဲ့သည်။ တပည့်များက ဆရာကြီးအား အဝတ်အစား၊ အသုံးအဆောင်နှင့် လိုအပ်သမျှတို့ကိုဝိုင်းဝန်းထောက်ပံ့ပေးကြသဖြင့် သူသည်လောကီပစ္စည်းများအတွက် ပူပန်ရခြင်းမရှိသလောက်ဖြစ်ခဲ့သည်။
ဒေဝဣန္ဒာသည် အစိမ်းရောင်ကို အထူးနှစ်သက်သူ ဖြစ်သည်ဟုလည်း ဆိုကြသည်။ ရွှေကြင်ခတ်ပုဝါခေါင်းပေါင်းအစိမ်း၊ စောင်းကြိုးအစိမ်း၊ ဘွဲ့ချည်ကြိုးအစိမ်းတို့ကိုသာ အသုံးပြုလေ့ရှိသည်။ ထိုအချက်မှာပင် ဆရာကြီး၏ ထူးခြားသော အမှတ်အသားတစ်ရပ် ဖြစ်လာခဲ့သည်။
သို့ရာတွင် ဒေဝဣန္ဒာ၏ထင်ရှားမှုသည် နန်းတွင်းဂုဏ်သိက္ခာကြောင့်သာမဟုတ်ပေ။ သူ၏အကြီးမားဆုံးဂုဏ်သတင်းမှာ ဂီတပညာစွမ်းရည်ကြောင့်ဖြစ်သည်။
ရှေးယခင်က သီချင်းကြီးများကို လှုပ်စည်းဖြင့် ဆိုတီးလေ့ရှိကြသော်လည်း ဒေဝဣန္ဒာသည် နရီစည်းကို စနစ်တကျ ဂွင်ချကာ တီးကွက်များကို ပြန်လည်စီမံခဲ့သည်။ ဘွဲ့၊ သီချင်းခန့်၊ ပတ်ပျိုးနှင့် ယိုးဒယားသီချင်းအချို့ကိုလည်း ဂီတသဘောနှင့်အညီပြန်လည်မွမ်းမံခဲ့ကြောင်း ဂီတလောကတွင်အစဉ်အလာအားဖြင့်ပြောဆိုခဲ့ကြသည်။
ထို့ပြင် မြန်မာ့စောင်း၏ ကြိုးအရေအတွက်ကို ၁၃ ကြိုးမှ ၁၄ ကြိုးသို့ တိုးမြှင့်အသုံးပြုစေခဲ့သူအဖြစ်လည်း ဆရာကြီး၏ အမည်ကိုမှတ်တမ်းများတွင်တွေ့ရသည်။ ယင်းပြုပြင်မှုသည် မြန်မာ့စောင်း၏ အသံအကွာအဝေးနှင့် ဖော်ပြနိုင်စွမ်းကိုပိုမိုကျယ်ပြန့်စေခဲ့သည်။
မဟာဂီတသီချင်းအချို့ကိုလည်း ကိုယ်တိုင်ဖန်တီးရေးစပ်နိုင်ခဲ့သည်။ ရေးစပ်ခဲ့သော သီချင်းအရေအတွက်များစွာမရှိသော်လည်း ဆရာကြီး၏ဂီတစွမ်းရည်နှင့် ဖန်တီးနိုင်စွမ်းကို ပြသနိုင်သောလက်ရာများဖြစ်ခဲ့သည်။
ထိုကဲ့သို့သော ပညာစွမ်းကြောင့်ပင် မြန်မာ့ဂီတလောကတွင် “မြဝတီမင်းကြီး၊ ဒေဝဣန္ဒာ၊ စိန်ဗေဒါ” ဟူသော ပညာရှင်ကြီးသုံးဦးကို အထူးတလည် ချီးကျူးပြောဆိုလေ့ရှိကြသည်။ “နံပါတ် (၁) မြဝတီမင်းကြီး၊ နံပါတ် (၂) ဒေဝဣန္ဒာ၊ နံပါတ် (၃) စိန်ဗေဒါ၊ ဤသုံးဦးထက် ပိုတတ်သူ ယခင်ကလည်းမရှိခဲ့၊ နောင်လည်းရှိလာမည်မဟုတ်” ဟူသောစကားမှာ ဂီတလောက၌ ယနေ့တိုင်ပြောစမှတ်တစ်ခုအဖြစ်ကျန်ရစ်နေဆဲဖြစ်သည်။
သို့ရာတွင် နန်းတွင်း၏အောင်မြင်ကျော်ကြားမှုများကြား၌ပင် ဒေဝဣန္ဒာ၏ဘဝတွင် အပြောင်းအလဲကြီးတစ်ခုရောက်ရှိလာ‌တော့သည်။

အခန်း (၇)
❇️သီပေါဟော်နန်း၌ မဟာဂီတကို လက်ဆင့်ကမ်းခြင်း

သီပေါမင်းတရားကြီး ပါတော်မူပြီးနောက် မြန်မာနိုင်ငံ၏ နန်းတွင်းယဉ်ကျေးမှုနှင့် မဟာဂီတလောကသည်လည်းအပြောင်းအလဲကြီးများနှင့်ကြုံတွေ့ခဲ့ရသည်။ မန္တလေးနန်းတော်ကြီး၏ ဂီတသံများတိတ်ဆိတ်သွားသော်လည်း ဒေဝဣန္ဒာကဲ့သို့သော ပညာရှင်ကြီးများ၏ရင်ထဲတွင် မဟာဂီတ၏မီးတောက်မှာငြိမ်းသတ်မသွားခဲ့ပေ။
ထိုကာလတွင် ဒေဝဣန္ဒာသည် သီပေါစော်ဘွား ဆာစောချယ်၏ ဖိတ်ခေါ်မှုဖြင့်သီပေါသို့ရောက်ရှိလာခဲ့သည်။ စော်ဘွားကြီးသည် မြန်မာ့ယဉ်ကျေးမှုနှင့် မဟာဂီတကို တန်ဖိုးထားမြတ်နိုးသူဖြစ်သဖြင့် ဆရာကြီးအားအထူးလေးစားကြည်ညိုခဲ့သည်။
သီပေါဟော်နန်းတွင် ဒေဝဣန္ဒာသည် စောင်းတီးခြင်း၊ သီချင်းဆိုခြင်း၊ မဟာဂီတ၏ အနှစ်သာရများကို သင်ကြားပို့ချပေးရင်းနေထိုင်ခဲ့သည်။ စော်ဘွားကြီးနှင့်စော်ဘွားကတော်တို့အား ဂီတပညာသင်ကြားပေးခဲ့သလို လူငယ်တပည့်များကိုလည်းလက်ခံသင်ကြားပေးခဲ့သည်။
ထိုစဉ်က သီပေါဟော်နန်းသည် မဟာဂီတကို ထိန်းသိမ်းစောင့်ရှောက်ရာ ဗဟိုဌာနတစ်ခုသဖွယ်ဖြစ်နေခဲ့သည်။ နန်းတော်ကြီး မရှိတော့သော်လည်း နန်းတွင်းဂီတ၏အစဉ်အလာ၊ သီချင်းကြီးသီချင်းခန့်များ၊ စောင်းပညာ၏ အမွေအနှစ်များကို သီပေါဟော်နန်းအတွင်း၌ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။
ဒေဝဣန္ဒာသည် မန္တလေးနှင့်သီပေါအကြား မကြာခဏ သွားလာနေထိုင်ခဲ့သည်။ မန္တလေးတွင်လည်း တပည့်များစွာရှိနေသဖြင့် တစ်နေရာတည်းတွင်အမြဲမနေဘဲနှစ်ဖက်စလုံး၌ ပညာများလက်ဆင့်ကမ်းပေးခဲ့သည်။ သို့သော် သီပေါတွင်နေထိုင်ရသည့်အချိန်ကာလမှာအတော်ပင် ရှည်လျားခဲ့သည်။
ထိုကာလအတွင်း ဒေဝဣန္ဒာ၏ တပည့်များစွာအနက် ထင်ရှားသောတပည့်တစ်ဦးမှာ စောမြအေးကြည် ဖြစ်သည်။ နောင်အခါတွင် "မြန်မာ့ဂီတမိခင်ကြီး" ဟု ဂုဏ်ပြုတင်စားခြင်းခံရမည့် စောမြအေးကြည်သည် ဒေဝဣန္ဒာထံမှ စောင်းပညာနှင့်မဟာဂီတအမွေအနှစ်များကိုသင်ယူခွင့်ရရှိခဲ့သူဖြစ်သည်။
ဒေဝဣန္ဒာ၏ ပညာသင်ကြားပုံမှာ သီချင်းတစ်ပုဒ်ကိုမှတ်မိရုံ၊ တီးတတ်ရုံဖြင့်မကျေနပ်ပေ။ သီချင်း၏ အဓိပ္ပာယ်၊ အထားအသို၊ နရီစည်း၊ အသံအတက်အကျနှင့် ဂီတသဘောကိုပါ နားလည်သဘောပေါက်စေရန်သင်ကြားပေးလေ့ရှိသည်။ ထို့ကြောင့်လည်း သူ၏တပည့်များသည် သီချင်းကိုတီးတတ်ရုံသာမက ဂီတကိုနားလည်သူများဖြစ်လာကြသည်။
သီပေါဟော်နန်း၌ နေထိုင်ခဲ့သောထိုနှစ်များသည် ဒေဝဣန္ဒာ၏ဘဝတွင် အလွန်အရေးပါသော ကာလတစ်ခုဖြစ်ခဲ့သည်။ နန်းတွင်းဂီတပျောက်ကွယ်သွားမည့် အန္တရာယ်ကြားမှ မဟာဂီတအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ နောင်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးနိုင်ခဲ့သော ကာလလည်းဖြစ်သည်။
ဆရာကြီး၏ ပညာဂုဏ်သတင်းသည် တဖြည်းဖြည်းပိုမိုကျယ်ပြန့်လာခဲ့သည်။ မြန်မာပြည်အရပ်ရပ်မှ ဂီတဝါသနာရှင်များ၊ပညာရှင်များသည် ဒေဝဣန္ဒာထံ ပညာသင်ယူလိုစိတ်ဖြင့်လာရောက်ကြသည်။ ထိုတပည့်များအနက် အချို့မှာ နောင်အခါမြန်မာ့ဂီတသမိုင်းတွင် ထင်ရှားသောပုဂ္ဂိုလ်များဖြစ်လာကြသည်။
ထိုသို့သော တပည့်များအနက် အထူးထင်ရှားသူတစ်ဦးမှာ ဦးမောင်မောင်လတ်ဖြစ်သည်။ သူသည် ဆရာကြီးအား ဖခင်တစ်ဦးကဲ့သို့ချစ်ခင်လေးစားသူဖြစ်ပြီး ဒေဝဣန္ဒာထံမှ မဟာဂီတ၏နက်နဲသောပညာရပ်များကိုဆည်းပူးသင်ယူခဲ့သည်။ နောင်အခါတွင် သူ၏ဆရာထံမှရရှိခဲ့သောပညာများကို အခြေခံကာ "ဂီတဝိသောဓနီ" ကျမ်းကိုပြုစုရေးသားခဲ့ပြီး မြန်မာ့ဂီတလောကအတွက် ကြီးမားသောအကျိုးကျေးဇူးကိုသယ်ဆောင်နိုင်ခဲ့သည်။
သို့သော် ဒေဝဣန္ဒာ၏ဘဝတွင် အံ့ဩဖွယ်အကောင်းဆုံး တပည့်ဇာတ်လမ်းတစ်ခုကား ကျန်ရှိနေသေးသည်။ ထိုဇာတ်လမ်း၏အဓိကပုဂ္ဂိုလ်မှာ တစ်ခေတ်တစ်ခါကအကျော်ကြားဆုံး ဆိုင်းဆရာကြီးစိန်ဗေဒါပင်ဖြစ်လေသည်။

( ဆက်ရန် )

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #မြန်မာ့ရိုးရာ #စည်းနဲ့ဝါး

ရတနာပုံခေတ်နန်းတွင်းစောင်းပညာကျော် ဒေဝဣန္ဒာအပိုင်း ( ၂ ) အခန်း (၄)ဂီတပညာ၏ အထွတ်အထိပ်ဒေဝဣန္ဒာ မောင်မောင်ကြီးသည် "ဒေဝဣန္ဒာ...
08/06/2026

ရတနာပုံခေတ်နန်းတွင်းစောင်းပညာကျော် ဒေဝဣန္ဒာ
အပိုင်း ( ၂ )

အခန်း (၄)
ဂီတပညာ၏ အထွတ်အထိပ်
ဒေဝဣန္ဒာ မောင်မောင်ကြီးသည် "ဒေဝဣန္ဒာ" ဘွဲ့တော်ကို ရရှိပြီးနောက် နန်းတွင်းဂီတလောက၏ အထင်ရှားဆုံး ပုဂ္ဂိုလ်များအနက် တစ်ဦးဖြစ်လာခဲ့သည်။ သူ၏ ဂီတပညာသည် တစ်နေ့တခြားပိုမိုရင့်ကျက်လာခဲ့ပြီး မင်းတုန်းမင်းတရားကြီး လက်ထက်မှသီပေါမင်းတရားကြီး လက်ထက်အထိ နန်းတွင်းဂီတ၏အဓိကမဏ္ဍိုင်တစ်ရပ်အဖြစ်ရပ်တည်နိုင်ခဲ့သည်။
ထိုစဉ်က နန်းတွင်း၌ စောင်းပညာရှင်များစွာရှိကြသည်။ ပြောစမှတ်အရစောင်းသမားဆယ့်ခုနစ်ဦးခန့်ရှိခဲ့သော်လည်း မင်းတုန်းမင်းတရားကြီးရှေ့တော်၌ အဓိကတီးဆက်ရသူမှာ ဒေဝဣန္ဒာပင်ဖြစ်သည်။ ထိုအချက်ကပင် သူ၏ဂီတစွမ်းရည် မည်မျှထူးချွန်မြင့်မားကြောင်းကိုဖော်ပြနေသော သက်သေတစ်ရပ်ဖြစ်သည်။
ဒေဝဣန္ဒာ၏ ထူးခြားချက်မှာပညာကိုသင်ယူရုံမျှဖြင့်ကျေနပ်သူမဟုတ်ခြင်းပင်ဖြစ်သည်။ သူသည် ဆရာမောင်မောင်သိုက်ထံမှ ရရှိခဲ့သောတီးကွက်များကိုအလေးအမြတ်ထားဆက်ခံခဲ့သော်လည်း ထိုတီးကွက်များကို မိမိ၏ဂီတဉာဏ်၊ဂီတအမြင်နှင့်အနုပညာခံစားမှုတို့ဖြင့်ထပ်မံမွမ်းမံခဲ့သည်။ ဆရာထံမှရရှိသောတီးကွက်တစ်ခုသည် ဒေဝဣန္ဒာ၏ လက်ထဲသို့ ရောက်သွားသောအခါ ပိုမိုပြည့်စုံလာသည်၊ ပိုမိုခန့်ညားလာသည်၊ ပိုမိုဆွဲဆောင်မှုရှိလာသည်ဟု ခေတ်ပြိုင်ဂီတပညာရှင်များကမှတ်ချက်ပြုကြသည်။
ထိုခေတ်က သီချင်းကြီးများကိုလှုပ်စည်းဖြင့် ဆိုတီးလေ့ရှိကြသည်ကို ဒေဝဣန္ဒာသည် နရီစည်းဖြင့်သေချာဂွင်ချကာ တီးကွက်များကိုပြန်လည်ဖွဲ့စည်းပေးခဲ့သည်။ သီချင်း၏စည်းဝါး၊ အတင်အချ၊ အဖြတ်အတောက်နှင့် အလှည့်အပြောင်းများကိုပိုမိုတိကျစေခဲ့သဖြင့် မဟာဂီတသီချင်းများမှာ ပိုမိုအသက်ဝင်လာခဲ့သည်။
ဘွဲ့၊ သီချင်းခန့်၊ ပတ်ပျိုးနှင့် ယိုးဒယားသီချင်းအချို့ကိုလည်း ပြန်လည်စီမံမွမ်းမံခဲ့သည်ဟုဆိုစမှတ်ရှိသည်။ ထိုသို့သောလုပ်ဆောင်ချက်များကြောင့် ဒေဝဣန္ဒာသည် သီချင်းများကို ထိန်းသိမ်းသူသာမက မဟာဂီတကိုပြန်လည်အသက်သွင်းသူတစ်ဦးအဖြစ် မှတ်ယူခံရသည်။
ဒေဝဣန္ဒာသည် တီးသူသာမဟုတ်၊ ရေးစပ်သူလည်း ဖြစ်သည်။ မဟာဂီတသီချင်းအနည်းငယ်ကိုလည်း ကိုယ်တိုင်ရေးသားခဲ့သည်။ သီချင်းအရေအတွက် မများလှသော်လည်း ယင်းတို့သည် သူ၏ဂီတအမြင်နှင့် ဖန်တီးနိုင်စွမ်းကို ဖော်ပြနေသောအမွေအနှစ်များဖြစ်ကြသည်။
စောင်းတူရိယာဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း ဒေဝဣန္ဒာ၏အခန်းကဏ္ဍမှာထင်ရှားလှသည်။ ရှေးက အသုံးများခဲ့သော ဆယ့်သုံးကြိုးစောင်းကို ဆယ့်လေးကြိုးစောင်းအဖြစ်တိုးချဲ့အသုံးပြုခဲ့သည်။ ထိုသို့ ကြိုးတစ်ကြိုးတိုးလာခြင်းကြောင့် စောင်း၏ အသံနယ်ပယ်ပိုမိုကျယ်ပြန့်လာပြီး ဂီတဖော်ဆောင်မှုတွင်လည်း ပိုမိုစုံလင်သောအရသာများပေါ်ထွက်လာခဲ့သည်။

နန်းတွင်း၌ ဒေဝဣန္ဒာ၏ တည်ရှိနေမှုသည်လည်း ထူးခြားလှသည်။ သူသည် စောင်းတော်တီးအမှုကို ထမ်းဆောင်ရသည့်အပြင် မင်းသား၊မင်းသမီးများကိုလည်းစောင်းပညာသင်ကြားပေးရသည်။
ထီးနန်းဆက်ခံမည့်သီပေါမင်းသားပင် သူ၏တပည့်တစ်ဦးဖြစ်ခဲ့သည်။ ထို့အပြင် နန်းတွင်းရှိမင်းသားမင်းသမီးများစွာတို့သည်လည်း သူ၏လက်ရင်းတပည့်များဖြစ်ကြသည်။ဒေဝဣန္ဒာ၏ ပညာဂုဏ်ကို လူအများလေးစားကြသကဲ့သို့ သူ၏စိတ်ထားကိုလည်းချစ်ခင်ကြသည်။ သူသည် အနေအေးသူဖြစ်သည်။ စကားနည်းသူဖြစ်သည်။ အရက်သေစာသောက်စားခြင်းမရှိ။ အပျော်အပါး လိုက်စားခြင်းမရှိ။ လူအပေါင်းတို့အား နူးညံ့သိမ်မွေ့စွာဆက်ဆံတတ်သူဖြစ်သည်။
ထို့ကြောင့် နန်းတွင်းရှိ မင်းသားမင်းသမီးများကလည်း ဆရာကြီးကိုအထူးကြည်ညိုကြသည်။ အဝတ်အစား၊ အသုံးအဆောင်နှင့်လိုအပ်သမျှကို ဝိုင်းဝန်းထောက်ပံ့ကြသဖြင့် သူ့ဘဝတွင်ကိုယ်တိုင်ရှာဖွေဝယ်ယူရသည်ဟူ၍များများစားစားမရှိလှဟု ဆိုကြသည်။
ဒေဝဣန္ဒာတွင် ထူးခြားသောအလေ့အထတစ်ခုမှာ သူသည် အစိမ်းရောင်ကိုအထူးနှစ်သက်သူဖြစ်သည်။ ရွှေကြင်ခတ်ပုဝါခေါင်းပေါင်းစိမ်း၊ ဘွဲ့ချည်ကြိုးစိမ်း၊စောင်းကြိုးစိမ်းတို့ကိုသာအသုံးပြုလေ့ရှိသည်။

ထိုအချိန်က ဒေဝဣန္ဒာမောင်မောင်ကြီး၏အမည်သည် မန္တလေးနန်းတွင်းတစ်ခွင်သာမက မြန်မာ့ဂီတလောကတစ်ရပ်လုံးတွင်ကျော်ကြားနေခဲ့သည်။ သို့သော် သူ၏စိတ်နှလုံးထဲတွင် ဂီတပညာနှင့်အတူတရားဓမ္မကိုရှာဖွေလိုသောစိတ်ဓာတ်ကလည်း တဖြည်းဖြည်းကြီးထွားလာခဲ့သည်။

အခန်း (၅)
ပထမအကြိမ် ရဟန်းဝတ်ခြင်း
ဒေဝဣန္ဒာမောင်မောင်ကြီး၏ ဘဝကိုလေ့လာကြည့်လျှင် ဂီတနှင့်တရားဓမ္မဟူသော လမ်းနှစ်သွယ်သည် အစဉ်အမြဲယှဉ်တွဲစီးဆင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ သူသည်စောင်းပညာ၏အထွတ်အထိပ်သို့ရောက်ရှိနေသည့် အချိန်၌ပင်လောကီဂုဏ်သိက္ခာများအပေါ် စွဲလမ်းမှုမရှိခဲ့ပေ။ ငယ်စဉ်ကတည်းက ပညာဓိကဘုရားဆုကို ပန်တောင်းခဲ့သူ ဖြစ်သကဲ့သို့ တရားအားထုတ်ခြင်းနှင့် သာသနာဘောင်ကိုမြတ်နိုးသောစိတ်ဓာတ်လည်း ရှိနေခဲ့သည်။
မင်းတုန်းမင်းတရားကြီး လက်ထက်တွင်ဒေဝဣန္ဒာသည် နန်းတွင်း၌အလွန်ထင်ရှားသောစောင်းတော်တီးပညာရှင်ဖြစ်နေပြီဖြစ်သည်။ မင်းသား၊မင်းသမီးများ၏ ဆရာတစ်ဦးဖြစ်နေသကဲ့သို့ ရှေ့တော်၌လည်း အဓိကတီးဆက်ရသူဖြစ်သည်။ သို့သော် ထိုဂုဏ်ဒြပ်များကသူ၏စိတ်နှလုံးကို အပြည့်အဝမဖြည့်ဆည်းနိုင်ခဲ့ပေ။
တစ်ချိန်တွင် သံဝေဂတရားအားကောင်းစွာ ဖြစ်ပေါ်လာသည်။ လူ့ဘဝ၏မမြဲခြင်း၊ ဂုဏ်ကျက်သရေတို့၏ မတည်မြဲခြင်းနှင့် သံသရာဝဋ်ဆင်းရဲကိုဆင်ခြင်မိရာမှ လောကုတ္တရာအကျိုးကို ပိုမိုရှာဖွေလိုသောစိတ်ဆန္ဒ ပြင်းပြလာခဲ့သည်။
ထို့ကြောင့် မိမိအမြတ်တနိုးအသုံးပြုခဲ့သော စောင်းကို မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဆက်ကပ်လှူဒါန်းခဲ့သည်။ ထိုစောင်းသည် သူ့ဘဝ၏အချိန်များစွာကိုအတူဖြတ်သန်းခဲ့သော စောင်းဖြစ်သည်။ ရှေ့တော်ဝင်ခဲ့သောစောင်း၊ မဟာဂီတကို ဖော်ဆောင်ခဲ့သောစောင်း၊ ဂုဏ်သတင်းကျော်ကြားမှုများကို ယူဆောင်ပေးခဲ့သောစောင်းလည်းဖြစ်သည်။ သို့သော် ဒေဝဣန္ဒာသည် ထိုစောင်းကိုပင်မတွယ်တာတော့ဘဲ မြတ်စွာဘုရားအားရည်စူးလှူဒါန်းခဲ့သည်။
ထို့နောက် စစ်ကိုင်းတောင်ရိုးသို့ ထွက်ခွာသွားခဲ့သည်။ ထိုခေတ်က စစ်ကိုင်းတောင်သည် တရားရှာသူများ၊ တရားကျင့်သူများနှင့် ရဟန်းသံဃာတော်များစုဝေးရာ အထင်ကရသာသနာ့နယ်မြေတစ်ခု ဖြစ်သည်။ ဒေဝဣန္ဒာသည် ထိုနေရာတွင် ထွဋ်ခေါင်ဆရာတော်ထံချဉ်းကပ်ကာ ရဟန်းအဖြစ်သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့သည်။
ရဟန်းဘဝသို့ ရောက်ရှိသွားသောအခါ သူ၏ဘဝသည်လုံးဝပြောင်းလဲသွားခဲ့သည်။ နန်းတွင်းမှ ကြားခဲ့ရသော စောင်းသံများ၊ ပွဲလမ်းသဘင်များ၊ ချီးမြှင့်ဂုဏ်ပြုမှုများကို ကျောခိုင်းကာ ဆိတ်ငြိမ်သော တောင်ရိပ်တောင်ခြေများ၌ တရားဓမ္မကိုသာအားထုတ်ခဲ့သည်။
အထူးသဖြင့် သုဿာန်ဓုတင်ကိုလည်းဆောင်ရွက်ခဲ့သည်ဟုဆိုသည်။ လူ့ခန္ဓာကိုယ်၏ မမြဲခြင်း၊ အသက်၏မသေချာခြင်းနှင့် သံသရာ၏ဆင်းရဲဒုက္ခများကိုအမြဲဆင်ခြင်နိုင်ရန် သုဿာန်တွင် သီတင်းသုံးကာတရားအားထုတ်ခဲ့ခြင်းဖြစ်သည်။
တရားအားထုတ်ရာတွင်လည်းအလွန်ကြိုးစားခဲ့သည်။ ငယ်စဉ်ကတည်းက ပန်ထွာဆုတောင်းခဲ့သောပညာဓိကဘုရားဆုကို အထူးရည်မှန်းကာဝိပဿနာတရားများကို အားထုတ်ခဲ့သည်။

နန်းတွင်း၌ စောင်းပညာအရာတွင် ထိပ်ဆုံးသို့ ရောက်ခဲ့သကဲ့သို့ တရားဘက်တွင်လည်း လေးနက်စွာကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဒေဝဣန္ဒာ၏ ရဟန်းဘဝသည် တစ်သက်တာအတွက်ဖြစ်မလာသေးပေ။သူ၏ ဂီတပညာကို တန်ဖိုးထားကြသော နန်းတွင်းမှပုဂ္ဂိုလ်များ၊ အထူးသဖြင့် သီပေါမင်းသားသည် ဆရာကြီး၏ပညာကို ဆက်လက်လိုအပ်နေဆဲဖြစ်သည်။ နောင်တစ်ချိန်တွင် သီပေါမင်းတရားကြီးနန်းတက်လာသောအခါ ဒေဝဣန္ဒာကို လူဝတ်ဘဝသို့ပြန်လည်ရောက်ရှိစေပြီး နန်းတွင်းဂီတအမှုတော်ကိုဆက်လက်ထမ်းဆောင်စေခဲ့သည်။
ထို့ကြောင့် ဒေဝဣန္ဒာ၏ ပထမအကြိမ်ရဟန်းဝတ်ခြင်းသည် လောကီဘဝကို အပြီးစွန့်ခွာခြင်းမဟုတ်သေးဘဲ တရားဓမ္မအပေါ် သူ၏နက်ရှိုင်းသော ယုံကြည်မှုနှင့် စိတ်ဝင်စားမှုကိုဖော်ပြခဲ့သော ဘဝဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းတင်ရလေသည်။
( ဆက်ရန် )

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #မြန်မာ့ရိုးရာ #စည်းနဲ့ဝါး

 #ရတနာပုံခေတ်နန်းတွင်းစောင်းပညာကျော်ဒေဝဣန္ဒာမောင်မောင်ကြီး - အပိုင်း ( ၁ )အခန်း (၁)မွေးဖွားခြင်းနှင့် ငယ်ဘဝမြန်မာ့မဟာဂီတ...
07/06/2026

#ရတနာပုံခေတ်နန်းတွင်းစောင်းပညာကျော်ဒေဝဣန္ဒာမောင်မောင်ကြီး - အပိုင်း ( ၁ )

အခန်း (၁)
မွေးဖွားခြင်းနှင့် ငယ်ဘဝ

မြန်မာ့မဟာဂီတသမိုင်းကို ပြန်လှန်ကြည့်လျှင် ခေတ်အဆက်ဆက် ထင်ရှားခဲ့သော ဂီတပညာရှင်များစွာကို တွေ့ရသည်။ သို့သော် စောင်းပညာ၊ မဟာဂီတပညာနှင့် ဂီတအမွေအနှစ် ထိန်းသိမ်းရေးတို့တွင် အထူးထင်ရှားသော ပုဂ္ဂိုလ်များကိုရေတွက်မည်ဆိုလျှင် ဒေဝဣန္ဒာမောင်မောင်ကြီး၏ အမည်ကို ချန်လှပ်၍မရနိုင်ပေ။
နောင်အခါ မြန်မာ့ဂီတလောကတွင်—
"မြဝတီမင်းကြီး၊ ဒေဝဣန္ဒာ၊ စိန်ဗေဒါ — ဤသုံးဦးထက် ပို၍တတ်သူ အရင်ကလည်း မရှိခဲ့၊ နောင်လည်း ရှိလာမည် မဟုတ်" ဟူသော စကားတစ်ရပ်ပေါ်ပေါက်လာခဲ့သည်။ ယင်းစကားသည် ဒေဝဣန္ဒာ၏ဂီတစွမ်းရည်ကို ချီးကျူးဂုဏ်ပြုသောစကားဖြစ်သကဲ့သို့ မြန်မာ့ဂီတသမိုင်းတွင် သူရပ်တည်ခဲ့သော အဆင့်အတန်းကိုလည်း ဖော်ပြနေသည်။

ဒေဝဣန္ဒာမောင်မောင်ကြီးကို မြန်မာသက္ကရာဇ် ၁၂၁၆ ခုနှစ်တွင်အမရပူရမြို့၌မွေးဖွားခဲ့သည်။ ငယ်မည်မှာ "မောင်လုံး" ဖြစ်သည်။ သားသမီးငါးဦးအနက် သားအလတ်ဖြစ်သည်။ မောင်လုံး၏ ငယ်ဘဝတွင် ထူးခြားသော အဖြစ်အပျက်တစ်ခုရှိခဲ့သည်။ အသက်လေးနှစ်အရွယ်အထိ စကားမပြောတတ်ခြင်းပင်။ ထို့ကြောင့် မိဘများအလွန်စိုးရိမ်ခဲ့ကြရသည်။ အချို့ကလည်း ဤကလေးသည်အခြားကလေးများကဲ့သို့ ကြီးပြင်းလာနိုင်ပါ့မလားဟု စိုးထိတ်ခဲ့ကြသည်။ သို့သော် ထိုစိုးရိမ်မှုများမှာ နောက်ပိုင်းတွင်လုံးဝပျောက်ကွယ်သွားခဲ့သည်။ စကားစတင်ပြောချိန်မှစ၍ မောင်လုံးသည် ထူးခြားသောမှတ်ဉာဏ်၊ ထက်မြက်သော ဉာဏ်ရည်နှင့် အနုပညာခံစားနိုင်စွမ်းကိုပြသလာခဲ့သည်။
ငယ်စဉ်ကတည်းက သူ၏စိတ်နှလုံးတွင် ဂီတနှင့် တရားဓမ္မတို့ အတူတကွ အမြစ်တွယ်နေခဲ့သည်။ ပဉ္စသီလကို မြဲမြံစွာ စောင့်ထိန်းတတ်ပြီး ဘုရားတရားကို အထူးကြည်ညိုသူ ဖြစ်သည်။ နောင်တစ်ချိန်တွင် ပညာဓိက ဘုရားဆုကို ရရှိနိုင်ရန်လည်း အမြဲပန်ဆုတောင်းလေ့ ရှိသည်ဟု ဆိုကြသည်။
ဂီတပညာကို စတင်သင်ယူရာတွင် စောင်းဗုဒ္ဓေါ ဦးဖူးခေါင်ထံ၌ စောင်းပညာ ဆည်းပူးခဲ့သည်။ ထို့နောက် အမအရင်း၏ ခင်ပွန်းဖြစ်သူ စောင်းသမားတော် မောင်မောင်သိုက်ထံ၌ ဆက်လက်သင်ယူခဲ့သည်။ မောင်မောင်သိုက်သည် မင်းတုန်းမင်းတရားကြီး၏ ရှေ့တော်တွင် စောင်းတော်တီးရသော ထင်ရှားသည့် သမားတော်တစ်ဦး ဖြစ်သည်။
ထိုအချိန်မှစ၍ မောင်လုံး၏ ဘဝသည် သာမန်လူငယ်တစ်ဦး၏ ဘဝလမ်းကြောင်းမှ ခွဲထွက်ကာ မြန်မာ့ဂီတသမိုင်းတွင် မှတ်တမ်းတင်ရမည့် လမ်းကြောင်းတစ်ခုဆီသို့ တဖြည်းဖြည်း ဦးတည်လာတော့သည်။

အခန်း (၂)
မောင်မောင်သိုက်နှင့် တွေ့ဆုံခြင်း
မောင်လုံး၏ ဂီတဘဝတွင် အရေးအကြီးဆုံး အလှည့်အပြောင်းတစ်ခုမှာ စောင်းသမားတော် မောင်မောင်သိုက်နှင့် တွေ့ဆုံခွင့်ရခြင်းပင်ဖြစ်သည်။
ငယ်စဉ်က စောင်းဗုဒ္ဓေါ ဦးဖူးခေါင်ထံတွင် အခြေခံစောင်းပညာများသင်ယူခဲ့ပြီးနောက် သူ၏ပညာခရီးသည်မောင်မောင်သိုက်ထံသို့ ဆက်လက်ရောက်ရှိခဲ့သည်။
မောင်မောင်သိုက်သည် သာမန်စောင်းဆရာတစ်ဦးမဟုတ်ပေ။ မင်းတုန်းမင်းတရားကြီး၏ရှေ့တော်၌စောင်းတော်တီးရသော ထင်ရှားသည့်နန်းတွင်းဂီတပညာရှင်တစ်ဦးဖြစ်သည်။ ထို့ပြင် မောင်မောင်သိုက်၏ ဇနီးမှာလည်း မောင်လုံး၏ အမအရင်းဖြစ်သဖြင့် ဆရာနှင့်တပည့်အဖြစ်သာမက မိသားစုသဖွယ်ရင်းနှီးသော ဆက်ဆံရေးလည်း ရှိခဲ့သည်။
ထိုစဉ်က မောင်မောင်သိုက်ထံတွင် ပညာသင်ယူနေသူများအနက် နောင်အခါထင်ရှားလာမည့် အုပ်ဆက်ခင်ခင်လေးလည်းပါဝင်ခဲ့သည်။ ခင်ခင်လေးနှင့် မောင်လုံးတို့သည် တစ်ဆရာတည်းထံတွင်အတူပညာဆည်းပူးခဲ့ကြသော ပညာသင်ဖော်များ ဖြစ်ကြသည်။
မောင်မောင်သိုက်သည် မဟာဂီတသီချင်းများ၊ စောင်းတီးဟန်များနှင့် နန်းတွင်းဂီတအစဉ်အလာများကို စနစ်တကျ သင်ကြားပေးခဲ့သည်။ အသက်အရွယ်အားဖြင့် ဒေဝဣန္ဒာနှင့် ဆယ့်ငါးနှစ်ခန့်သာကွာခြားသော်လည်း ပညာဂုဏ်အားဖြင့် အလွန်မြင့်မားသူဖြစ်သောကြောင့် တပည့်များ၏ လေးစားကြည်ညိုမှုကိုခံရသူဖြစ်သည်။
မောင်လုံးသည်လည်း ပညာသင်ရာတွင် အလွန်ကြိုးစားသူဖြစ်သည်။ ဆရာသင်ပေးသမျှကို လျင်မြန်စွာ မှတ်သားနိုင်ရုံသာမက ဂီတ၏အရသာနှင့်အဓိပ္ပာယ်ကိုပါ နက်နက်ရှိုင်းရှိုင်းနားလည်ခံစားနိုင်သူဖြစ်ခဲ့သည်။ ထို့ကြောင့် မောင်မောင်သိုက်ကလည်း သူ့အားအထူးနှစ်သက်၍ မျက်စိကျခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ဆရာနှင့်တပည့်ကြား ယုံကြည်မှုပိုမိုခိုင်မာလာသည်။ မောင်မောင်သိုက်သည် မောင်လုံးတွင် သာမန်စောင်းသမားတစ်ဦးထက် ပိုမိုကြီးမားသော ဂီတပါရမီရှိနေကြောင်း သတိပြုမိခဲ့သည်။ ထို့ကြောင့် သူ၏တီးကွက်များ၊ သီချင်းများနှင့် နန်းတွင်း၌ အသုံးပြုသောဂီတနည်းနာများကို အခြားတပည့်များထက် ပိုမိုနက်ရှိုင်းစွာ လက်ဆင့်ကမ်းပေးခဲ့သည်။
မောင်မောင်သိုက်၏ အနီးကပ် ပြုစုပျိုးထောင်မှုကြောင့် မောင်လုံး၏ပညာသည် လျင်မြန်စွာတိုးတက်လာခဲ့သည်။ ထိုအချိန်ကပင် နောင်တစ်နေ့တွင် နန်းတွင်းဂီတလောကကို ဦးဆောင်မည့် စောင်းပညာရှင်ကြီးတစ်ဦး ဖြစ်လာမည့် အရိပ်အယောင်များကိုတွေ့မြင်လာရပြီ ဖြစ်သည်။
မောင်မောင်သိုက်သည် မိမိ၏တပည့်ဖြစ်သော မောင်လုံးအား ပညာသင်ပေးရုံမျှဖြင့်မကျေနပ်ခဲ့ပေ။ နန်းတွင်းဂီတလောက၏ အဆင့်မြင့်ပညာများကိုကိုယ်တိုင်တွေ့မြင်သင်ယူခွင့်ရစေလိုသောကြောင့် နောက်ပိုင်းတွင် မောင်လုံးအား နန်းတွင်းသို့ ခေါ်ဆောင်သွားရန် စီစဉ်ခဲ့သည်။
ထိုဆုံးဖြတ်ချက်သည် မောင်လုံး၏ ဘဝကိုပြောင်းလဲစေမည့် အရေးကြီးဆုံးဆုံးဖြတ်ချက်များထဲမှ တစ်ခုဖြစ်လာတော့သည်။

အခန်း (၃)
နန်းတွင်းသို့ ဝင်ရောက်ခြင်း
မောင်မောင်သိုက်၏ လက်အောက်တွင် ပညာဆည်းပူးရင်း မောင်လုံး၏ စောင်းပညာနှင့် ဂီတနားလည်မှုတို့သည် တစ်နေ့တခြား တိုးတက်လာခဲ့သည်။ ထိုတိုးတက်မှုကို အနီးကပ်မြင်တွေ့နေရသူမှာ ဆရာမောင်မောင်သိုက် ကိုယ်တိုင်ပင်ဖြစ်သည်။
တစ်နေ့တွင် မောင်မောင်သိုက်သည် မောင်လုံးအား နန်းတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်က မောင်လုံးမှာ အသက်ဆယ့်နှစ်နှစ်ခန့်သာရှိသေးသည်။ ငယ်ရွယ်သေးသော်လည်း ဂီတအပေါ် နားလည်ခံစားနိုင်စွမ်းနှင့်လက်စွမ်းတို့မှာ သာမန်ထက်ထူးခြားနေပြီ ဖြစ်သည်။
နန်းတွင်း၌ မောင်မောင်သိုက်ကစောင်းတော်တီးဆက်ရပြီး မောင်လုံးကမိကျောင်းတူရိယာကို တီးဆက်ရသည်။ မင်းတုန်းမင်းတရားကြီး၏ ရှေ့တော်တွင် တီးခတ်ဖျော်ဖြေရခြင်းသည် သာမန်ဂီတသမားတစ်ဦးအတွက် လွယ်ကူသောအခွင့်အရေးမဟုတ်ပေ။ သို့သော်မောင်မောင်သိုက်သည် မောင်လုံး၏ ပါရမီကို ယုံကြည်သဖြင့် ရဲရဲဝံ့ဝံ့ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
နန်းတွင်းဂီတသည် စည်းကမ်းတင်းကျပ်သည်။ အချိုးအစားတိကျသည်။ သီချင်းတစ်ပုဒ်၏ အသံနေအသံထား၊ အဖြတ်အတောက်၊ အတင်အချ၊ အနှေးအမြန်တို့ကိုပင်အထူးဂရုစိုက်ရသည်။ သို့သော် မောင်လုံးသည် ထိုပတ်ဝန်းကျင်နှင့်လျင်မြန်စွာအံဝင်ခွင်ကျ ဖြစ်သွားခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ နန်းတွင်းရှိဂီတပညာရှင်များကလည်း ထိုလူငယ်လေး၏ပါရမီကိုသတိထားမိလာကြသည်။ ငယ်ရွယ်သော်လည်း သီချင်း၏အရသာကို နားလည်နိုင်စွမ်း၊ စည်းဝါးကို တိကျစွာထိန်းနိုင်စွမ်းနှင့် ပညာသင်ယူရာတွင်လျင်မြန်မှုတို့ကြောင့် သူ့အပေါ် ချီးကျူးသံများတဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။
မောင်လုံးသည် မိကျောင်းတီးသူအဖြစ်သာ ရပ်တည်နေသူမဟုတ်ပေ။ အားလပ်ချိန်တိုင်းတွင် စောင်းပညာကို ဆက်လက်လေ့လာနေခဲ့သည်။ ဆရာမောင်မောင်သိုက် တီးသမျှကို နားထောင်သည်။ မှတ်သားသည်။ ပြန်လည်လေ့ကျင့်သည်။ ထို့ကြောင့် စောင်းပညာမှာလည်း အံ့ဩဖွယ်ရာကောင်းလောက်အောင် တိုးတက်လာခဲ့သည်။
နောက်ပိုင်းတွင် မောင်မောင်သိုက်သည်အခြားရာထူးတာဝန်ဖြင့် နယ်သို့ပြောင်းရွှေ့ရတော့သည်။ ထိုအချိန်၌ နန်းတွင်းဂီတလောကအတွက် အရေးကြီးသော အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာခဲ့သည်။ မောင်မောင်သိုက်၏ နေရာတွင်အစားထိုး၍ စောင်းတော်တီးအမှုကို ဆက်လက်ထမ်းဆောင်ရသူမှာ သူ၏ တပည့်မောင်လုံးပင် ဖြစ်လာခဲ့သည်။
ထိုအချိန်မှစ၍ မောင်လုံးသည် နန်းတွင်း၏ စောင်းတော်တီးပညာရှင်တစ်ဦးအဖြစ် စတင်ရပ်တည်လာခဲ့သည်။ သူ၏လက်စွမ်း၊ ပညာနှင့်အကျင့်စာရိတ္တတို့ကြောင့် မင်းတုန်းမင်းတရားကြီး၏ ယုံကြည်အားထားမှုကို ရရှိလာခဲ့သည်။
နောက်ဆုံးတွင် သူ၏ ဂီတစွမ်းရည်နှင့် နန်းတွင်းအမှုတော်ထမ်းဆောင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် “ဒေဝဣန္ဒာ” ဘွဲ့တော်ကို ချီးမြှင့်တော်မူခြင်း ခံရလေသည်။
ထိုနေ့မှစ၍ မောင်လုံးဟူသော အမည်ထက် “ဒေဝဣန္ဒာ မောင်မောင်ကြီး” ဟူသော အမည်သည် နန်းတွင်းဂီတလောကတွင် ပိုမိုထင်ရှားလာခဲ့သည်။
ဘွဲ့တော်ရရှိပြီးနောက် ဒေဝဣန္ဒာသည် စောင်းတော်တီးအမှုကိုသာထမ်းဆောင်ရသည် မဟုတ်တော့ပေ။ နန်းတွင်းရှိ မင်းသား၊ မင်းသမီးများအား စောင်းပညာသင်ကြားပေးရသော တာဝန်ကိုလည်းယူရသည်။ နောင်တစ်ချိန်တွင် ထီးနန်းစိုးစံမည့်သီပေါမင်းသားပင်လျှင် သူ၏တပည့်တစ်ဦး ဖြစ်ခဲ့သည်။
ထိုသို့ဖြင့် ဒေဝဣန္ဒာ မောင်မောင်ကြီးသည် နန်းတွင်းဂီတလောက၏ အလယ်ဗဟိုသို့တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။

( ဆက်လက်ဖော်ပြပါမည် )

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #မြန်မာ့ရိုးရာ #စည်းနဲ့ဝါး

05/06/2026

#စုံတောမြိုင်ယံ

မတီးဖြစ်တာကြာတဲ့သီချင်းတွေပြန်နွှေးဖြစ်နေပါတယ်။ ဆရာကြီးအိမ်မဲဦးမြင့်စိုးရဲ့ပညာတွေပါ။ ဆရာကြီးဆီမှာနှစ်ရှည်လများသွားပြီးသင်ယူထားတာပါ။ လက်ရှိမှာလည်းသင်ယူနေဆဲဖြစ်ပါတယ်။ ဆရာကြီးနှင့်တကွသင်ဆရာမြင်ဆရာကြားဆရာအပေါင်းအား အစဉ်ရိုသေလေးစားလျှက်။

စောင်းသံကြား၍ အေးမြကြပါစေ။

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #မြန်မာ့ရိုးရာ #စည်းနဲ့ဝါး

 #စောင်းသံမတိတ်သရွေ့ရှင်သန်နေမည့်လှိုင်ထိပ်ခေါင်တင်ကုန်းဘောင်ခေတ် နန်းတွင်းသမိုင်းတွင်ထင်ရှားသော မင်းသမီးများစွာရှိခဲ့သည...
04/06/2026

#စောင်းသံမတိတ်သရွေ့ရှင်သန်နေမည့်လှိုင်ထိပ်ခေါင်တင်

ကုန်းဘောင်ခေတ် နန်းတွင်းသမိုင်းတွင်ထင်ရှားသော မင်းသမီးများစွာရှိခဲ့သည်။ အချို့မှာအလှအပကြောင့်ထင်ရှားခဲ့ကြသည်။ အချို့မှာ နိုင်ငံရေးအာဏာကြောင့်ထင်ရှားခဲ့ကြသည်။ အချို့မှာအနုပညာစွမ်းရည်‌ကြောင့်၊ အချို့မှာစာ‌ပေညာရှင်အဖြစ်ထင်ရှားခဲ့ကြသည်။ထိုအထဲ လှိုင်ထိပ်ခေါင်တင်သည်လည်း အလှအပသာမက၊ စာပေနှင့်ဂီတ‌အနုပညာကြောင့် အလွန်ထင်ရှားသူတစ်ဦးဖြစ်ခဲ့သည်။

သူမ၏ငယ်နာမည်မှာ မဖွားကြီး ဖြစ်သည်။ သာယာဝတီမင်းနှင့် အနောက်နန်းမတော်မမြကလေးတို့မှ ဖွားမြင်သောသမီးတော်ဖြစ်သည်။ နောင်အခါ လှိုင်မြို့ကိုစားရသဖြင့် လှိုင်မင်းသမီးဟုခေါ်တွင်ခဲ့ပြီး နန်းတွင်းအခေါ်အဝေါ်အရ လှိုင်ထိပ်ခေါင်တင်ဟူသော အမည်ဖြင့် လူသိများလာခဲ့သည်။ သူမကြီးပြင်းလာရသော ခေတ်ကာလသည် ငြိမ်းချမ်းသောကာလမဟုတ်ပေ။ နန်းတွင်းအာဏာပြိုင်ဆိုင်မှုများ၊ မင်းမျိုးမင်းနွယ်တို့၏ အတက်အကျများနှင့်ပြည့်နှက်နေသောကာလဖြစ်သည်။

အသက်ဆယ့်နှစ်နှစ်အရွယ်တွင် မိခင်ဖြစ်သူ
အ‌နောက်နန်းမ‌တော်မမြကလေးသည် နန်းတွင်းပဋိပက္ခတခုအတွင်း ကွပ်မျက်ခံရသည်။ မိခင်၏ရင်ခွင်အရိပ်ကိုမက်မက်မောမောလိုအပ်နေဆဲအရွယ်တွင်ပင် ထိုဆုံးရှုံးမှုကိုရင်ဆိုင်ခဲ့ရသည်။ ထို့နောက်မကြာမီ ဖခင်ဖြစ်သူ သာယာဝတီမင်းနန်းချခံရပြန်သည်။

သို့သော် ထိုဒုက္ခလှိုင်းတံပိုးများက လှိုင်ထိပ်ခေါင်တင်၏ စိတ်ဓာတ်ကိုမချိုးဖျက်နိုင်ခဲ့ပေ။ မိခင်ထံမှပါလာသော အနုပညာသွေးသည် တဖြည်းဖြည်းထွန်းလင်းလာခဲ့သည်။ အကိုတော်ပုဂံမင်းလက်ထက်တွင် သူမသည် နန်းတော်တွင်း၌ အလှအပကြောင့်သာမက စာပေနှင့် ဂီတပါရမီတို့ကြောင့်ပါ ငယ်ငယ်ရွယ်ရွယ်နှင့်ထင်ရှားလာခဲ့ပြီဖြစ်သည်။

မကြာမီ အကို‌တော်မင်းတုန်းမင်းသည် အမရပူရနန်းတော်ကို ပုဂံမင်းထံမှသိမ်းပိုက်ပြီး‌နောက် မြန်မာနှစ် ၁၂၁၄ တွင် မန္တလေးအရပ်၌ နန်းတော်သစ်တည်၍စံမြန်းသည်။ ထို့နောက် မြန်မာနှစ် ၁၂၁၅ ခုတွင် ညီတော်
ကနောင်မင်းသားအား အိမ်ရှေ့စံအပ်နှင်း၍ လှိုင်ထိပ်ခေါင်နှင့်လက်ထပ်ထိန်းမြားပေးခဲ့သည်။ နောင်အခါ သားတော်တစ်ပါးထွန်းကား၍ထန်းတပင်မင်းသားဟုတွင်ခဲ့သည်။

သို့ရာတွင် လှိုင်ထိပ်ခေါင်တင်၏ ဂုဏ်သည် အိမ်ရှေ့မင်း၏ မိဘုရားဘဝ၌မတည်ခဲ့ပေ။
သူမ၏ ဂုဏ်သည်စာပေ၌တည်ခဲ့သည်။
သူမ၏ ဂုဏ်သည်ဂီတ၌တည်ခဲ့သည်။

စိန်ခြူးကြာညောင်စသော ဘောလယ်များ၊ ရေယမုန်၊ ညဉ့်သုံးယံခါစသောပတ်ပျိုးများ၊ တေးထပ်များ၊ လေးချိုးများ၊ ဒွေးချိုးများကို ရေးဖွဲ့ခဲ့သည်။ ထို့ပြင် ဝိဇယကာရီပြဇာတ်နှင့် ဣန္ဒာဝံသပြဇာတ်တို့ကို ရေးသားနိုင်ခဲ့သဖြင့် နန်းတွင်းစာပေပညာရှင်များ၏ အထူးချီးကျူးလေးစားမှုကိုခံခဲ့ရသည်။

ရေယမုန်ပတ်ပျိုးမှာ သူမ၏ဉာဏ်ပညာနှင့် အနုပညာအမြင်ကိုထင်ရှားစွာပြသနေသောလက်ရာတစ်ခုဖြစ်သည်။ လူအများသတိမမူမိသော မြန်မာ့ရိုးရာသားချော့တေးများကိုယူ၍ပတ်ပျိုးတစ်ပုဒ်အဖြစ်ဖန်တီးခဲ့သည်။ သားချော့တေးသည် နန်းတွင်းစာပေအဆင့်မဟုတ်။ ပညာရှင်တို့ အထူးတလည်လေးစားသောစာပေမျိုးလည်းမဟုတ်။ သို့သော် မိခင်တို့၏နှုတ်ဖျားမှ ဆင်းသက်လာသောထိုရိုးရာသံစဉ်များ၏တန်ဖိုးကို
လှိုင်ထိပ်ခေါင်တင်မြင်ခဲ့သည်။
ဒီးဒုတ်ဦးဘချို ရေးသားခဲ့သကဲ့သို့ သာမန်ပြည်သူတို့၏သားချော့တေးသည် လှိုင်၏နှလုံးသားနှင့် တွေ့ဆုံသောအခါ တော်ဝင်ဆန်သောအနုပညာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။

သူမသည် အိမ်‌ရှေ့မင်းကိုအလွန်ချစ်ခင်စုံမက်သူဖြစ်သည်။ သို့လင့်ကစား ပျော်ရွှင်ကြည်နူးရ‌သော အိမ်ထောင်ရေးတခုမဖြစ်ခဲ့ရှာပေ ။ အိမ်ရှေ့မင်းသည်အခြားအပျိုတော်များထံသွားလာနေချိန်တွင် သူမသည်မိမိခံစားချက်ကိုငြိုးမာန်ဖွဲ့၍မဖော်ပြ၊ စိန်ခြူးကြာညောင်ကဲ့သို့သော ဂီတလက်ရာများအဖြစ်သာပြောင်းလဲဖန်တီးခဲ့သည်။
အနုပညာရှင်တို့၏နှလုံးသားသည် ထိုသို့ပင်ဖြစ်ဟန်တူသည်။ သူတစ်ပါးမြင်သောအရာမှာဒုက္ခဖြစ်သော်လည်း သူတို့မြင်သောအရာမှာကဗျာဖြစ်သည်။
သူတစ်ပါးမြင်သောအရာမှာမျက်ရည်ဖြစ်သော်လည်း
သူတို့မြင်သောအရာမှာသီချင်းဖြစ်သည်။

သို့ဖြင့်မပြီး လောကဓံသည် သူမအပေါ် ကြမ္မာဆိုးများထပ်မံဖန်တီးခဲ့ပြန်သည်။ မြင်ကွန်းမြင်းခုံတိုင်အရေးတွင် ရွှေတောင်ကြီးအလား ကိုးစားရသည့် ခင်ပွန်းဖြစ်သူ ကနောင်မင်းကြီးလုပ်ကြံခံရသည်။
နောင်အခါ သားတော်ထန်းတပင်မင်းသားမှာလည်း သီပေါမင်းနန်းဆက်ခံရေးအရေးအခင်းတွင် အခြားမင်းညီမင်းသားများနှင့်အတူဖျောက်ဖျက်ခံရရှာသည်။

လှိုင်သည် _
မိခင်ကိုဆုံးရှုံးရသည်။
ခင်ပွန်းကို ဆုံးရှုံးရသည်။
သားကို ဆုံးရှုံးရသည်။
သို့သော် အနုပညာကိုမူကား မဆုံးရှုံးခဲ့ပေ။

မြန်မာနှစ် ၁၂၃၇ ခု၊ သက်တော် ၄၂ နှစ်အရွယ်တွင် လှိုင်ထိပ်ခေါင်တင် ကံတော်ကုန်ခဲ့သည်။
သူမသည် စောင်းဆရာမတစ်ဦး မဟုတ်ခဲ့‌ပေ။
တပည့်အဆက်အနွယ်များလည်း မထားခဲ့။
သို့သော် သူမ၏သီချင်းများသည် စောင်းသမားတို့၏လက်ထဲတွင်ဆက်လက်ရှင်သန်ခဲ့သည်။
သူမ၏ပတ်ပျိုးများသည်အဆိုပညာရှင်တို့၏အသံထဲတွင် ဆက်လက်ရှင်သန်ခဲ့သည်။
ယနေ့ စောင်းကြိုးများပေါ်တွင်
ရေယမုန်သံ လွင့်ပျံနေသရွေ့၊
ညဉ့်သုံးယံခါကို သီဆိုနေကြသရွေ့၊
စိန်ခြူးကြာညောင်ကို ကြားနေရသရွေ့—
လှိုင်ထိပ်ခေါင်တင်သည် ကွယ်ပျောက်သွားသည် မဟုတ်ပေ။ သူမသည် မြန်မာ့ဂီတ၏အသံစဉ်များထဲတွင် ယနေ့တိုင်ရှင်သန်နေဆဲဖြစ်သည်။

#စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း ြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
#ရန်ကုန် #မဟာဂီတ #မြန်မာ့ရိုးရာ #စည်းနဲ့ဝါး #လှိုင်ထိပ်ခေါင်တင်

Address

Yangon

Telephone

+959787089472

Website

Alerts

Be the first to know and let us send you an email when Myanmar Harp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category