US News အမေရိကန်သတင်းများ

US News အမေရိကန်သတင်းများ အမေရိကန်သတင်းများစုစည်းတင်ပြထားပါသည်.

17/11/2024

Trump ရွေးချယ်သူ အသက်အငယ်ဆုံး အိမ်ဖြူတော် အမျိုးသမီးပြောခွင့်ရ

ရွေးကောက်ပွဲအနိုင်ရ Donald Trump က သူ့အစိုးရအဖွဲ့အတွင်း ပါဝင်မယ့်သူတွေကို ရွေးချယ်နေတာမှာ အိမ်ဖြူတော် ပြောခွင့်ရသူအဖြစ် အသက် ၂၇ နှစ်အရွယ် Karoline Leavitt ကို ရွေးချယ်လိုက်ပါတယ်။ သူဟာ အမေရိကန်သမိုင်းမှာ အသက်အငယ်ဆုံး အိမ်ဖြူတော်ပြောခွင့်ရသူ ဖြစ်လာမှာပါ။ Karoline ဟာ ထက်မြက်၊ ခံနိုင်ရည်ရှိသူဖြစ်ပြီး၊ အမေရိကန် ပြန်လည်ကြီးမြတ်အောင်လုပ်မယ့် သူ့ရဲ့သတင်းစကားတွေကို အမေရိကန်ပြည်သူတွေဆီ ရောက်အောင် ပို့ဆောင်နိုင်မယ့်သူ ဖြစ်တယ်လို့ Trump ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပြောဆိုထားပါတယ်။

Trump ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့မှာ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့သူ Steven Cheung ကိုလည်း အိမ်ဖြူတော်ရဲ့ ဆက်ဆံရေး ညွှန်ကြားရေးမှူး တာဝန်ပေးမယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။

မြောက်ဒါကိုတာပြည်နယ် အုပ်ချုပ်ရေးမှူး Doug Burgum ကိုတော့ ပြည်ထဲရေးဝန်ကြီးရာထူးအတွက် လျာထားတယ်လို့ Trump ရဲ့ အစိုးရအဖွဲ့ အာဏာလွဲပြောင်း ရယူရေးအဖွဲ့က မနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ညထဲက Trump ရဲ့ Mar-a-Largo အိမ်မှာ ကျင်းပတဲ့ ညစာစားပွဲမှာ Trump က သူ့ကို အဲဒီရာထူးခန့်ဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

Doug Burgum ဟာ အသစ်ဖွဲ့စည်းမယ့် “အမျိုးသားစွမ်းအင်ကောင်စီ” (National Energy Council) ကိုလည်း ဦးဆောင်သွားမှာဖြစ်ပြီး ကမ္ဘာမှာ အမေရိကန်က လောင်စာစွမ်းအင်ဆိုင်ရာမှာ လွှမ်းမိုးနိုင်ရမယ်ဆိုတဲ့ Trump ရဲ့ ရည်မှန်းချက် ထမြောက်အောင်မြင်အောင် ကူညီလုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

ရွေးကောက်ခံသမ္မတ Donald Trump ရွေးကောက်ပွဲမှာ အနိုင်ရပြီးထဲက သူ့အစိုးရသစ်ကျရင် အရေးပါတဲ့ ဝန်ကြီးနေရာတွေအတွက် မြန်မြန်ဆန်ဆန် ရွေးချယ်လျာထားနေပါတယ်။ အားလုံးနီးပါးက သူ့အပေါ် အခိုင်အမာ ထောက်ခံကြောင်း ပြသခဲ့ကြသူတွေ ဖြစ်ပါတယ်။

@ https://burmese.voanews.com/a/rump-adds-interior-and-white-house-appointments/7866177.html

12/11/2024

အစိုးရအဖွဲ့ဝင်သစ်တချို့ ရွေးကောက်ခံသမ္မတ Trump ကြေညာ

အရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်က အစိုးရအဖွဲ့ဝင် အသစ်တချို့ကို ဆက်လက် ခန့်ထားလိုက်ပါတယ်။ နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး တာဝန်ကို ယခင်သူ့ ပထမသက်တမ်းမှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန ကို တာဝန်ယူခဲ့သူ Thomas Homan၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အောက်လွှတ်တော် ရီပါဘလီကန် အမတ် Elise Stefanik တို့ကို ရွေးချယ်လိုက်ပါတယ်။ အိမ်ဖြူတော်ရုံး ဒုတိယ အရာရှိချုပ်အဖြစ် Stephen Miller ကို ရွေးလိုက်တယ်လို့လည်း အမေရိကန် မီဒီယာတွေက ဆိုကြပါတယ်။

လူဝင်မှုကြီးကြပ်ရေး ကို တာဝန်ယူမယ့် Thomas Homan ဟာ ယခင်က ရဲအရာရှိတာဝန်ယူခဲ့ဖူးသလို၊ နယ်စပ် လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ထရမ့် ရဲ့ ဦးစားပေး လုပ်ငန်းဖြစ်တဲ့ တရားဝင် စာရွက်စာတမ်း မရှိသူတွေကို အစု အပြုံလိုက် ပြန်ပို့ရေး လုပ်ငန်းကို မစ္စတာ သောမတ် ဟိုမန်းက ဦးဆောင်ရမှာပါ။

လူဝင်မှုကြီးကြပ်ရေး တရားရုံးတွေက နိုင်ငံရေး ခိုလှုံခွင့် ပယ်ချထားပြီးသူ ၁.၃ သန်းကို ပထမဆုံး အဓိကထား ဖမ်းဆီး၊ နိုင်ငံက နှင်ထုတ်မှာ ဖြစ်တယ်လို့ ထရမ့် ဘက်တော်သား Ohio ပြည်နယ် အောက်လွှတ်တော် အမတ် Jim Jordan က စီအင်န်အင်န် ရုပ်သံကို ပြောပါတယ်။ အဲဒီလို ဖမ်းရာမှာ စစ်တပ်ကို မသုံးဘူး လို့ Thomas Homan က Fox သတင်းဌာနကို ပြောပါတယ်။
🌐 https://burmese.voanews.com/a/7860199.html 🌐
📷 ထရမ့်အစိုးရသစ်မှာ နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး တာဝန်ယူမယ့် Thomas Homan (ယခင်ပုံဟောင်း)

11/11/2024

အထက်လွှတ်တော်ခွင့်ပြုချက်မလိုဘဲ အစိုးရသစ်အဖွဲ့၀င်တွေ အမြန်ခန့်အပ်နိုင်ရေး Trump ကြိုးပမ်း

အမေရိကန်အစိုးရအဖွဲ့အတွင်း လူသစ်ခန့်အပ်မှုတွေမှာ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်မလိုဘဲ သမ္မတရဲ့ သဘောနဲ့ခန့်ထားခွင့်ရဖို့ ရွေးကောက်ခံသမ္မတ Donald Trump က ရီပတ်ဘလစ်ကန် ပါတီဝင်အမတ်တွေကို ဖိအားပေးနေပါတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးအဆင့်လို အရေးကြီးတဲ့သူတွေ ခန့်ထားတဲ့အခါ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်ရယူရတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲပြီး သူ့ကို လုပ်ပိုင်ခွင့်အာဏာ ပိုအပ်နှင်းဖို့ Donald Tump က တောင်းဆိုနေတာပါ။

ရွေးကောက်ပွဲအပြီး အထက်လွှတ်တော် အမတ်နေရာအများစုကိုထိန်းချုပ်လိုက်တဲ့ ရီပတ်ဘလစ်ကန် ပါတီအမတ်တွေက လူများစုခေါင်းဆောင်ကို ရက်ပိုင်းအတွင်း ရွေးချယ်ပါလိမ့်မယ်။ ဒီအချိန်မှာပဲ Donald Trump ဘက်က သူ့ကိုလုပ်ပိုင်ခွင့်ပေးဖို့ X လူမှုကွန်ယက်မှာ ရေးသားထားတာပါ။ လွှတ်တော် ရပ်နားထားတဲ့အချိန်မျိုးမှာ မဲပေးအတည်ပြုတာတွေမလိုတော့ဘဲ ဝန်ကြီးအဖွဲ့ဝင်တွေကို သမ္မတရဲ့ သဘောနဲ့ ခန့်ထားပိုင်ခွင့်ကို အထက်လွှတ်တော် လူများစုခေါင်းဆောင်က သဘောတူရမယ်လို့ Trump က ရေးသားထားတာပါ။
ဒုသမ္မတနဲ့ အိမ်ဖြူတော်အကြီးအကဲရာထူးကလွဲလို တခြားဝန်ကြီးအဆင့် ရာထူးခန့်ထားမှုတွေမှာ သမ္မတအနေနဲ့ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်ရယူရပါတယ်။
အထက်လွှတ်တော်မှာ နှစ် ၂၀ ကျော် ခေါင်းဆောင်တာဝန်ယူခဲ့တဲ့ Mitch McConnell နေရာမှာ အစားထိုးဖို့ တောင် Dakota အထက်လွှတ်တော်အမတ် John Thune၊ Texas ပြည်နယ်က John Cornyn နဲ့ Florida ပြည်နယ်က Rick Scott တို့ကို လာမယ့် ဗုဒ္ဓဟူးနေ့ လျို့ဝှက် မဲပေးရွေးချယ်ဖို့ ရှိပါတယ်။
အခုအထိတော့ Donald Trump က သူ ဘယ်သူ့ကို ထောက်ခံတယ်ဆိုတာမျိုး ပြောဆိုတာ မရှိသေးပါဘူး။

https://burmese.voanews.com/a/us-politics-elected-president-donald-trump-/7859502.html

ဖလော်ရီဒါပြည်နယ်၊ West Palm Beach မှ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်

08/11/2024
07/11/2024
07/11/2024

သမ္မတဟောင်းထရမ့် ရွေးကောက်ပွဲ အနိုင်ရ

အမေရိကန် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတ Kamala Harris ကို သမ္မတဟောင်း Donald Trump က အနိုင်ရလိုက်တာကြောင့် သမ္မတသက်တမ်း ၄ နှစ် တာဝန်ယူခွင့်ရတော့မှာ ဖြစ်ပါတယ်။ သမ္မတရွေးချယ်ရေး ပြည်နယ် အထူးကိုယ်စားလှယ်မဲ စုစုပေါင်း ၅၃၈ မဲမှာ အနိုင်ရဖို့ အနည်းဆုံး ၂၇၀ ရဖို့ လိုအပ်ပြီး၊ အခုမဲတွေ ရေတွက်ပြီးချိန်အထိ သမ္မတဟောင်းထရမ့်က အနည်းဆုံး ၂၇၇ မဲ ရထားပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ သမ္မတဟောင်းထရမ့် ရွေးကောက်ပွဲ အနိုင်ရလိုက်တာကြောင့် အမေရိကန်သမိုင်းမှာ ပထမဆုံး သမ္မတဟောင်းတဦး သမ္မတသက်တမ်းနောက်တကြိမ်အတွက် အနိုင်ရသူအဖြစ် မှတ်တမ်းတင်နိုင်တော့မှာ ဖြစ်ပါတယ်။
နောက်ထပ် ထူးခြားမှုတွေကိုလည်း ဆက်လက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

https://burmese.voanews.com/a/elected-president-donald-trump/7853522.html

02/11/2024
28/10/2024

အမေရိကန်သမ္မတလောင်း ၂ ဦး ရွေးကောက်ပွဲအကြို အပြိုင်အဆိုင် မဲဆွယ်စည်းရုံး

အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်းပတ် တပတ်လောက်သာ ကျန်တော့တဲ့ အချိန်မှာပဲ သမ္မတလောင်းနှစ်ဦး အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေကြပါတယ်။ ရီပါပလင်ကန် သမ္မတလောင်း Donald Trump ကတော့ သူ့မွေးရပ် နယူးယောက်မြို့ မှာ မနေ့တနင်္ဂနွေနေ့က နာမည်ကျော် Madison Square Garden ခန်းမကြီးမှာ မဲဆွယ်စည်းရုံး ခဲ့ပါတယ်။

“အမေရိကန်နိုင်ငံသားအားလုံးရဲ့ မျှော်လင့်ချက်နဲ့အတူ ကျနော် ဒီနေရာကို ဒီကနေ့ ရောက်လာတာပါ။ ဒီရွေးကောက်ပွဲမှာ ခင်ဗျားတို့ရဲ့မဲတွေနဲ့ ငွေကြေးဖောင်းပွမှုကို ကျနော် အဆုံးသတ်ပေးမှာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံကို ကျူးကျော်ဝင်ရောက်လာတဲ့ ရာဇဝတ်သား တွေကို ရပ်တန့်အောင်လုပ်မယ်။ ပြီးတော့ အမေရိကန်တွေရဲ့ အိပ်မက်ကို ကျနော် ပြန်အကောင်အထည်ဖေါ်မှာဖြစ်တယ်။" လို့ သမ္မတဟောင်း Trump က ပြောသွားတာပါ။

တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရာဇဝတ်သားတွေအဖြစ် သုံးနှုန်းခဲ့တဲ့ သမ္မတဟောင်းရဲ့ မိန့်ခွန်းမတိုင်ခင် မိတ်ဆက်စကားပြောသူ တချို့ကလည်း လူမျိုးရေးနဲ့ လိင်ပိုင်ဆိုင်ရာ ခွဲခြားမှု စကားလုံး အသုံးအနှုန်းတွေနဲ့ ထောက်ခံသူတွေ အကြိုက် ဟောပြောခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ဒီမိုကရက်ပါတီ သမ္မတလောင်း ဒုသမ္မတ Kamala Harris ကလည်း ရွေးကောက်ပွဲမှာ အရေးပါတဲ့ ပြည်နယ်တခုဖြစ်တဲ့ Pennsylvania ပြည်နယ် Philadelphia မြို့က Black Church ဘုရားရှစ်ခိုးကျောင်းမှာ တနင်္ဂနွေအစောပိုင်းက မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။ အမေရိကန် အနာဂတ်ကို ပရမ်းပတာနဲ့ အမုန်းတရားတွေရှိနေတဲ့ နိုင်ငံအဖြစ်ပုံဖေါ်ကြမလား၊ လွတ်လပ်ပြီး တရားမျှတမှုနဲ့ ဂရုဏာတရားပြည့်ဝတဲ့ နိုင်ငံအဖြစ်ပုံဖေါ်မလားဆိုတာ ဒီရွေးကောက်ပွဲမှာ ပါဝင်မဲထည့်ကြမယ့် မဲဆန္ဒရှင်တွေရဲ့ လက်ထဲမှာရှိနေကြောင်း ဒုသမ္မတ Harris က ပြောကြားခဲ့ပါတယ်။

လက်ရှိစစ်တမ်းတွေအရ Trump နဲ့ Harris နှစ်ယောက်လုံး သူမသာကိုယ်မသာ အကြိတ်အနယ်ရှိနေကြပြီး နိုဝင်ဘာလ (၅)ရက်နေ့မှာ ကျင်းပမယ့် သမ္မတရွေးကာက်ပွဲအတွက် ကြိုတင်မဲပေးထားတဲ့အရေအတွက် ၃၈ သန်းကျော်ရှိနေပါတယ်။

🌐https://burmese.voanews.com/a/7841679.html
📷ပန်ဆယ်ဗေးနီးယားပြည်နယ် Philadelphia မြို့တော်မှာ မဲဆွယ်စည်းရုံးနေတဲ့ ဒီမိုကရက်သမ္မတလောင်း Kamala Harris (ဝဲ) နဲ့ နယူးယောက်ပြည်နယ် နယူးယောက်မြို့မှာ မဲဆွယ်စည်းရုံးနေတဲ့ ရီပါဘလစ်ကန် သမ္မတလောင်း Donald Trump (ယာ) (အောက်တိုဘာ ၂၇၊ ၂၀၂၄)

Address

No. 82
Yangon
DON'TKNOW

Website

Alerts

Be the first to know and let us send you an email when US News အမေရိကန်သတင်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category